ဆီထွက်သီးနှံ နေကြာမျိုးသစ်ဖြစ်သည့် ဆင်းရွှေကြာ (၃) ပရို သုတေသနစမ်းသပ်စိုက်ပျိုးမှု ရလဒ်ကောင်းများရရှိ
နေပြည်တော် မတ် ၉
နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန
(မျိုးစေ့ဌာနခွဲ) သုတေသန စိုက်ကွင်းတွင် ကျင်းပခဲ့သော ၂၀၂၆ ခုနှစ် မျိုးစေ့ပြပွဲ
(Seed Fair) ၌ ဆင်းရွှေကြာ (၃) ပရို အမည်ရသည့် နေကြာမျိုးသစ်တစ်မျိုးမှာ သုတေသနစမ်းသပ်မှုအနေဖြင့်
ရလဒ်ကောင်းများရရှိပြီး တောင်သူအများစုက ကြိုက်နှစ်သက်ကြကာ ကြည့်ရှုလေ့လာမေးမြန်းမှု
အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသုတေသနကို ၂၀၂၄ ခုနှစ် မိုးရာသီမှ စတင်စမ်းသပ်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး
၂၀၂၆ ခုနှစ် မျိုးစေ့ပြပွဲတွင် ပြသခဲ့သော စိုက်ခင်းသည် ရာသီလေးခုမြောက် စိုက်ခင်းဖြစ်ကာ
လေးဧက စိုက်ပျိုးထားခြင်းဖြစ်သည်။ ၂၀၂၆ ခုနှစ် ဆောင်းရာသီတွင် မြန်မာနိုင်ငံဒေသအသီးသီး၌
စမ်းသပ်စိုက်ပျိုးရန် စီစဉ်ထားကာ အောင်မြင်ဖြစ်ထွန်းပါက တောင်သူများလက်ဝယ်သို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
‘‘၂၀၂၄ ခုနှစ် မိုးရာသီကစပြီးတော့ မျိုးမွေးမြူရွေးချယ်ခြင်း
သုတေသနကို ဆောင်ရွက်ခဲ့ပါတယ်။ မျိုးအမည်က ဆင်းရွှေကြာ (၃) ပရိုလို့ခေါ်တဲ့ မျိုးသစ်တစ်မျိုးဖြစ်ပါတယ်၊
ဒီမျိုးဖြစ်ပေါ်လာပုံက ဆင်းရွှေကြာ (၂) နေကြာမျိုးထဲကို ပြည်ပမျိုးကွဲ ၃၁ မျိုးရဲ့
ဗီဇတွေထည့်သွင်းထားတာဖြစ်လို့ ပြည်တွင်းဖြစ် မျိုးသစ်တစ်မျိုးလည်းဖြစ်တယ်၊ အပင်ရဲ့
ရုပ်လက္ခဏာကြည့်ပြီးတော့ ထပ်ကာထပ်ကာ မွေးမြူရွေးချယ်ထားတဲ့ မျိုးဖြစ်ပါတယ်။
‘‘ဒီမျိုးရဲ့ထူးခြားချက်က တောင်သူတွေကိုယ်တိုင်
အလွယ်တကူမျိုးစေ့ထုတ်နိုင်ခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်း၊ ရာသီဥတုအပူဒဏ်ကို ခံနိုင်ရည်ရှိခြင်း၊
ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိခြင်းဆိုတဲ့ ထူးခြားချက်တွေကို တွေ့ရတယ်။
‘‘ဒါ့အပြင် နေကြာရဲ့အထွက်ကောင်း တဲ့လက္ခဏာတွေဖြစ်တဲ့
အပွင့်ကြီးခြင်း၊ အရွက်ဧရိယာကြီးပြီး ပင်စည်တုတ်ခိုင်ခြင်းဆိုတဲ့ အချက်တွေက ဒီမျိုးမှာတွေ့ရမှာ
ဖြစ်ပါတယ်၊ ဒါ့အပြင် ဆီထွက်ရာခိုင်နှုန်းလည်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ထားတာကြောင့်
ဆင်းရွှေကြာ (၃) ပရိုလို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဆောင်းရာသီကာလ ဒေသအသီးသီးမှာ
စမ်းသပ်စိုက်ပျိုးမှာဖြစ်ပြီး အောင်မြင်ဖြစ်ထွန်းပါက တောင်သူတွေလက်ဝယ်ကို အမြန်ဖြန့်ဖြူး
တော့မှာ ဖြစ်ပါတယ်’’ ဟု စိုက်ပျိုးရေးဦးစီးဌာန (မျိုးစေ့ဌာနခွဲ) မှ လက်ထောက် ညွှန်ကြားရေးမှူး
ဒေါ်စန်းစန်းမြိုင်က ပြောသည်။
အဆိုပါ ဆင်းရွှေကြာ (၃) ပရို ဆီထွက်သီးနှံ
နေကြာမျိုးသစ်သည် သက်တမ်းအားဖြင့် ၉၅ ရက်ဖြစ်ပြီး တစ်ဧကလျှင် အပင်ပေါင်း ၂၉၀၄၀ ကို
တန်းကြား နှစ်ပေ ပင်ကြား ကိုးလက်မ စိုက်ပျိုးထားပြီး နိုဝင်ဘာလအတွင်း ပြီးစီးအောင်
စိုက်ပျိုးနိုင်ပါက အထွက်နှုန်း တင်း ၅၀ မှ တင်း ၆၀ အထိ ထွက်ရှိနိုင်ကာ နိုင်ငံ၏ပြည်တွင်း
စားသုံးဆီဖူလုံမှုပမာဏကို တိုးတက်မြင့်မားစေမည်ဖြစ်ကြောင်း သိရသည်။
ကိုပေါက်(ဥက္ကာမြေ)


No comments