အင်ဒိုနီးရှားနိုင်ငံ၌ အစုလိုက်အပြုံလိုက် သောင်တင်နေသော ဝေလငါး ၁၈ ကောင် သေဆုံး



မတ် ၁၁

အင်ဒိုနီးရှားနိုင်ငံ အရှေ့နူဆာတန်ဂါရာပြည်နယ်ရှိ ရိုတေးနာဒိုကမ်းရိုးတန်းတွင် သောင်တင်နေသော ပိုင်းလော့ဝေလငါး ၅၅ ကောင်အနက် ၁၈ ကောင်ထက်မနည်း သေဆုံးသွားကြောင်း ဒေသဆိုင်ရာအရာရှိတစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

ရိုတေးနာဒိုခရိုင်၏အကြီးအကဲ ပေါလပ်စ်ဟီနုခ်က အနောက်တောင်ပိုင်း ရိုတေးနာဒိုရှိ အမ်ဘာဒိုကာအီ ကမ်းခြေတွင် ဝေလငါးများကို မတ်လ ၉ ရက်ကတွေ့ရှိခဲ့ကြောင်း ဒေသခံမီဒီယာများသို့ ပြောကြားခဲ့သည်။ အချို့ကိုကယ်တင်ပြီး ရေနက်ပိုင်းသို့ပြန်လည်ပို့ဆောင်ပေးခဲ့သော်လည်း ဝေလငါးအများစုသည် အားနည်းလွန်းပြီးနောက် သေဆုံးသွားခဲ့သည်ဟု ၎င်းက ဆိုသည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ်ရန် မြေတူးစက်များဖြင့်တူးဖော်ကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းနှင့် အစုလိုက်အပြုံလိုက် မြှုပ်နှံခြင်းလုပ်ငန်းများကို ဒေသဆိုင်ရာအာဏာပိုင်များ၊ ရဲတပ်ဖွဲ့များ၊ ရေတပ်ဝန်ထမ်းများနှင့် ဒေသခံများက လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ကူပန်အမျိုးသားရေကြောင်းထိန်းသိမ်းရေးစင်တာမှကယ်ဆယ်ရေးအဖွဲ့များသည် ကျန်ရှိနေသော ဝေလငါးများကို ပိုမိုဘေးကင်းသောရေပြင်သို့ ရွှေ့ပြောင်းရန် လုပ်ဆောင်လျက်ရှိပြီး သောင်တင်ရခြင်း၏ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်းနှင့်  တိရစ္ဆာန်ဆရာဝန်များက စုံစမ်းစစ်ဆေးမှုအတွက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.