အက်စ်တွန်ဗီလာက လိုင်လီကို နှစ်ကျော့ပေါင်းရလဒ်ဖြင့် အနိုင်ယူ



ယူအီးအက်ဖ်အေ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှ အက်စ်တွန်ဗီလာအသင်းနှင့် လိုင်လီ အသင်းပွဲစဉ်ကို မတ် ၂၀ ရက် နံနက် ၂ နာရီခွဲက ဗီလာပတ်ခ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အက်စ်တွန်ဗီလာ အသင်းက နှစ်ဂိုးပြတ် နိုင်ပွဲရရှိခဲ့သည်။


ထို့ကြောင့် အက်စ်တွန်ဗီလာအသင်းသည် ပြိုင်ဘက်လိုင်လီအသင်းကို နှစ်ကျော့ပေါင်းရလဒ် သုံးဂိုးပြတ်နိုင်ပွဲရရှိပြီး ကွာတားဖိုင်နယ်သို့ ထိုက်ထိုက်တန်တန် တက်ရောက် နိုင်ခဲ့သည်။


အက်စ်တွန်ဗီလာအသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် စီးရီးအေကလပ် ဘိုလော့ဂ်နာ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


ပွဲချိန် ၅၄ မိနစ်တွင် အက်စ်တွန်ဗီလာအသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ဆန်ချို၏ ဖန်တီးမှုမှ အသင်းခေါင်းဆောင် မက်ဂင်က သွင်းယူပေးခဲ့သည်။ အက်စ်တွန်ဗီလာအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၈၆ မိနစ်တွင် ဘိုင်လေက သွင်းယူပေးခဲ့သည်။


အခြားပွဲစဉ်ရလဒ်များတွင် နော်တင် ဟမ်က မစ်ဂျေးလန်းကို နှစ်ဂိုး-တစ်ဂိုး၊ ဖရိုင်းဘတ်က ဂျန့်ခ်ကို ငါးဂိုး- တစ်ဂိုး၊ ဆဲလ်တာဗီဂိုက လိုင်ယွန်ကို နှစ်ဂိုး-ဂိုးမရှိ၊ ပေါ်တိုက စတုဂတ်ကို နှစ်ဂိုး-ဂိုးမရှိ၊ ဘက်တစ်က ပါနာသီနိုင်ကော့စ်ကို လေးဂိုး-ဂိုးမရှိ၊ ဘိုလော့ဂ်နာက ရိုးမားကို လေးဂိုး-သုံးဂိုးဖြင့် နိုင်ပွဲ အသီးသီး ရရှိခဲ့သည်။  


ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယ အကျော့ပွဲစဉ်များ ယှဉ်ပြိုင်ကစားအပြီး တွင် ကွာတားဖိုင်နယ်သို့ အက်စ်တွန် ဗီလာ၊ ဘရာဂါ၊ ဘက်တစ်၊ ဖရိုင်းဘတ်၊ ဆဲလ်တာဗီဂို၊ ပေါ်တို၊ နော်တင်ဟမ် ဖောရက်စ်နှင့် ဘိုလော့ဂ်နာအသင်းတို့ တက်လှမ်းနိုင်ခဲ့သည်။

အောင်ဇော်

No comments

Powered by Blogger.