မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်၌ လက်ဖက်နှင့် သနပ်ခါးကို ဂုဏ်ပြုသည့်အနေဖြင့် လက်ဖက် ယဉ်ကျေးမှုဆင်နွှဲ၊ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သနပ်ခါးအလှမန်းသင်္ကြန်ပွဲ ဓာတ်ပုံပြိုင်ပွဲကျင်းပမည်
မန္တလေး မတ် ၃၁
၂၀၂၆ ခုနှစ် မန္တလေးလမ်းလျှောက် သင်္ကြန်ပွဲတော်၌ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် လက်ဖက်နှင့် သနပ်ခါးကို ဂုဏ်ပြုသည့်အနေဖြင့် လက်ဖက်ယဉ်ကျေးမှုဆင်နွှဲ၊ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် သနပ်ခါးအလှ မန်းသင်္ကြန်ပွဲ ဓာတ်ပုံပြိုင်ပွဲ ကိလည်း ထူးခြားသည့် အစီအစဉ် တစ်ခုအဖြစ် ထည့်သွင်းကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့သည့် ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန်ပွဲ ဓာတ်ပုံပြိုင်ပွဲနှင့်အတူ ယခုနှစ်တွင် ထည့်သွင်းကျင်းပမည့် ဓာတ်ပုံပြိုင်ပွဲ နှစ်ခုလုံးနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို ထုတ်ပြန် ကြေညာပေးခဲ့ပြီး ဆုရရှိသူများကိုလည်း ထိုက်တန်စွာ ဆုများချီးမြှင့်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ အခွန်ဌာနမှ ဌာနမှူး ဦးတင်ထွန်းဦးက ပြောသည်။
“ဓာတ်ပုံပြိုင်ပွဲ နှစ်ခုစလုံးမှာ ပထမ၊ ဒုတိယ၊ တတိယဆု သုံးဆုအပြင် နှစ်သိမ့်ဆု ခုနစ်ဆုကိုလည်း ချီးမြှင့်သွားဖို့ရှိပါတယ်။ ပျော်ရွှင်ဆင်နွှဲမန်းသင်္ကြန်ပွဲ ဓာတ်ပုံပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ဓာတ်ပုံတွေကို ပေးပို့ရမယ့် နေ့ရက်ကတော့ ဧပြီ ၂၂ ရက် သင်္ကြန်အပြီးမှာ ပေးပို့ရမှာဖြစ်ပါတယ်။ ၂၃ ရက်မှာ ရွေးချယ် သွားမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ထို့ပြင် ယခုနှစ်တွင် ထူးခြား စွာ ကျင်းပသည့် လက်ဖက် ယဉ်ကျေးမှုဆင်နွှဲ လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် သနပ်ခါးအလှမန်းသင်္ကြန်ပွဲ ဓာတ်ပုံပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံများကို ဧပြီ ၂၁ ရက်အရောက် ပေးပို့ရမည်ဖြစ်ပြီး ၂၂ ရက်တွင် ဓာတ်ပုံပညာရှင်များက ရွေးချယ်ကာ ၂၃ ရက်မှ ၂၉ ရက်အထိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထား မည်ဖြစ်ကြောင်း ဌာနမှူး ဦးတင်ထွန်းဦးက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့ လူမှုကွန်ရက် စာမျက်နှာမှာတင်ထားတဲ့ ပုံထဲက ကိုယ်ကြိုက်တဲ့ပုံကို နှစ်သက်ကြောင်း Like ပေးနိုင်ပါတယ်။ Like အများဆုံးရတဲ့ဓာတ်ပုံကို ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ပွဲဝင် တွေအနေနဲ့ facebook like များများရအောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။
ယခုနှစ် မန္တလေးလမ်းလျှောက် သင်္ကြန်ပွဲတော်ကို ကျုံးပတ်လည်တစ်လျှောက်၌ မန္တလေးမြို့တော် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်၊ တိုင်းရင်းသားရှစ်မျိုး၏မဏ္ဍပ်များ အပါအဝင် မဏ္ဍပ်ပေါင်း ၄၅ မျိုးနှင့်အတူ နိုင်ငံကျော်အနုပညာရှင်များ၊ ယိမ်းအကအဖွဲ့များ၊ မြန်မာ့ဆိုင်းဝိုင်းအဖွဲ့များ၏ ဖျော်ဖြေရေး အစီအစဉ်များ၊ စတုဒိသာ အကျွေးအမွေး အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည့်အတွက် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments