ဂျပန်နိုင်ငံမြောက်ပိုင်းတွင် ဝက်ဝံထိန်းချုပ်ရေးအစီအစဉ်စတင်
မတ် ၃၀
ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးမြို့ရှိ မြို့တစ်မြို့တွင် ယမန်နှစ်က ဝက်ဝံတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာလူသေဆုံးမှုဖြစ်ပွားခဲ့သဖြင့် တောဝက်ဝံညိုများကို စီမံခန့်ခွဲရန် အစီအစဉ်တစ်ခု စတင်လိုက်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါအစီအစဉ်သည် လူသားများကို ဝက်ဝံများသတိထားစေရန်၊ လူနေဧရိယာများသို့ ဝက်ဝံများဝင်ရောက်ခြင်းမှ ကာကွယ်ရန်နှင့် ၎င်းတို့၏ အရေအတွက်ကို လျှော့ချရန် ရည်ရွယ်သည်ဟု သိရသည်။
ယခုနှစ် ဤအချိန်တွင် ဝက်ဝံများ ဆောင်းခိုရာမှ ထွက်လာပြီး ၎င်းတို့၏ ခြေရာများ နှင်းထဲတွင် ကျန်ရှိနေခြင်းကြောင့် ရှာဖွေဖမ်းဆီးရန် ပိုမိုလွယ်ကူစေရာ ဟော့ကိုင်းဒိုးနှင့် အာကီတာ အပါအဝင် စီရင်စုများတွင် ထိုအစီအစဉ်ကိုအကောင်အထည်ဖော်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လက ဝက်ဝံတိုက်ခိုက်မှုတွင်သတင်းစာပို့သမားတစ်ဦး သေဆုံးခဲ့သည့် တောင်ပိုင်း ဟော့ကိုင်းဒိုးရှိ ဖူကူရှီးမားမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ထိုအစီအစဉ်ကို ပြုလုပ်ခဲ့သည်။ ထိုမြို့တွင် ယမန်နှစ်က လူနေဒေသများတွင် ဝက်ဝံညိုများကို မြင်တွေ့ရကြောင်း အစီရင်ခံစာများစွာ ရရှိခဲ့သည်။
ဒေသခံမုဆိုးများနှင့် ဒရုန်းမောင်းနှင်သူတစ်ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ၎င်းမြို့၏ တောင်တန်းဒေသတစ်ခုတွင် ဝက်ဝံများများကို ရှာဖွေရန် မြေပြင်နှင့် ဝေဟင်မှ လုပ်ဆောင်ခဲ့ကြသည်။
ဒေသခံအဖွဲ့၏အကြီးအကဲ မီချီရှီတာ ရှီရိုက ဝက်ဝံများသည် တောင်တန်းများတွင် ဆောင်းခိုလေ့ရှိသော်လည်း အချို့သောဝက်ဝံများသည် မကြာသေးမီက လူနေရပ်ကွက်များအနီးတွင် ဆောင်းခိုနေထိုင်ကြသည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို

No comments