လာအိုနိုင်ငံ၌ လောင်စာဆီဈေးနှုန်း မြင့်တက်နေချိန် ကျောင်းတက်ရက်များ လျှော့ချ



မတ် ၂၀

လာအိုနိုင်ငံတွင် လောင်စာဆီဈေးနှုန်း မတည်ငြိမ်မှုကြောင့် မိသားစုများအပေါ် ငွေကြေးဆိုင်ရာ ဖိအားများကို လျှော့ချရန် အရေးပေါ်အစီအမံများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လာအိုအစိုးရသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းတက်ရက်ကို ငါးရက်မှ သုံးရက်အထိ လျှော့ချခဲ့သည်။

ဝန်ကြီးချုပ်ရုံးက မတ်လ ၁၉ ရက်ကထုတ်ပြန်သော ညွှန်ကြားချက်တွင် ပညာရေးစံနှုန်းများကို ထိန်းသိမ်းထားစဉ် သင်ယူမှုအချိန်ဇယားများကို ချက်ချင်းပြောင်းလဲခြင်းနှင့် စီးပွားရေးအခြေအနေများ ပိုမိုဆိုးရွားလာပါက နောက်ထပ်အရေးပေါ်အစီအမံများကို အချက်ပြခြင်းတို့ ပါဝင်သည်။

အဆိုပါညွှန်ကြားချက်တွင် အစိုးရနှင့် ပုဂ္ဂလိက နှစ်မျိုးလုံးရှိ အထွေထွေပညာရေးဌာနအားလုံးသည် တစ်ပတ်လျှင် ငါးရက်မှ သုံးရက်အထိ တက်ရောက်သင်ယူရသော အတန်းများကို လျှော့ချရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ စာသင်ကျောင်းများအနေဖြင့်  ဆုံးရှုံးသွားသောအတန်းချိန်ကို ပြန်လည်ဖြည့်ဆည်းရန် ပညာသင်နှစ်ပြက္ခဒိန်ကို တိုးချဲ့ရမည်ဖြစ်ပြီး သင်ရိုးညွှန်းတမ်းအပြည့်အစုံကို ဆက်လက်ပြီးမြောက်ရမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါစီမံချက်သည် အိမ်ထောင်စုများအတွက် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များကို လျှော့ချရန် ရည်ရွယ်ကြောင်းနှင့်  အစိုးရက လောင်စာဆီနှင့်ဆက်စပ်သော ဖိအားများဆက်လက်ရှိနေပါက အစီအမံများတိုးမြှင့်ရန်ကိုလည်းဖော်ပြခဲ့သည်။

လုံလောက်သော ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံရှိသော အဖွဲ့အစည်းများသည် အဝေးမှသင်ယူမှုသို့ ကူးပြောင်းမည်ဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ အဆင်သင့်မဖြစ်သူများသည် သင်ယူမှုများကို ယာယီရပ်ဆိုင်းရန် လိုအပ်နိုင်သည်ဟု သိရသည်။

အွန်လိုင်းသင်ယူမှုကို ပံ့ပိုးရန်အတွက် နည်းပညာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်ကောင်းမွန်မှုကို အတည်ပြုခြင်းနှင့် မရှိမဖြစ်လိုအပ်သော ပစ္စည်းကိရိယာများ ရရှိနိုင်မှုကို အကဲဖြတ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.