အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်း အာဖဂန်နစ္စတန်ကို နှစ်ကျော့စလုံး အနိုင်ယူ

 




ရန်ကုန် မတ် ၂၆


၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု (E) မှ ရွှေ့ဆိုင်းထားသော အာဖဂန်နစ္စတန်အသင်းနှင့် မြန်မာအသင်းပွဲကို မတ် ၂၆ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပရာ မြန်မာအသင်းက အာဖဂန်နစ္စတန် အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။


ပွဲမစတင်မီ မတ် ၂၃ ရက်က ကွယ်လွန်ခဲ့သည့် ငွေခေတ်မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း၊ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း နည်းပြချုပ်ဟောင်း၊ အုပ်ချုပ်သူဟောင်း၊ မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ်ဟောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးဟောင်း၊ နည်းစနစ်ဒါရိုက်တာဟောင်း၊ နည်းစနစ်ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်အောင် (အသက် ၅၉ နှစ်) အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်သည်။


ယခုပွဲကို အာဖဂန်နစ္စတန်အသင်းက အိမ်ကွင်းလက်ခံကစားရမည်ဖြစ်သော်လည်း အိမ်ကွင်းလက်ခံကျင်းပနိုင်ခြင်း မရှိသည့်အပြင် ယခင်က ကာတာနိုင်ငံ၌ကစားရန် စီစဉ်ထားသော်လည်း အရှေ့အလယ်ပိုင်းနိုင်ငံများ၌ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် မြန်မာနိုင်ငံတွင်သာ ကစားရန် နှစ်ဖက်ဘောလုံးအဖွဲ့ချုပ် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာအသင်းသည် အာဖဂန်နစ္စတန်အသင်းနှင့် နှစ်ကျော့စလုံးကို အိမ်ကွင်းကစားခဲ့ရပြီး နှစ်ကျော့စလုံး အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ပထမအကျော့အတိုင်း ဦးဆောင်ဂိုးစတင်ခွင့်ပြုခဲ့ရသော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးပြန်သွင်းကာ အနိုင်သုံးမှတ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်ခွင့်မရှိသော်လည်း လက်ကျန်ပွဲများကို ရလဒ်ကောင်းအောင် ကြိုးစားနေပြီး ယခုပွဲအနိုင်ရလဒ်ကြောင့် ဒုတိယနေရာရရန် သေချာခဲ့သည်။


ယခုပွဲတွင် မြန်မာအသင်းခေါင်းဆောင်အဖြစ် နန္ဒကျော်က တာဝန်ယူခဲ့ပြီး ဆန်းဆက်နိုင် (ဂိုး)၊ ဟိန်းဖြိုးဝင်း၊ ကျော်မင်းဦး၊ ဟိန်းဇေယျာလင်း၊ ဝေလင်းအောင်၊ လွင်မိုးအောင်၊ ဇော်ဝင်းသိန်း၊ မြတ်ကောင်းခန့်၊ ဟိန်းထက်အောင်၊ သန်းပိုင်တို့ ပွဲထွက်ကစားခဲ့သည်။ ပွဲအစ ၁၀ မိနစ်တွင် ဂိုးသမားဆန်းဆက်နိုင် အမှားမှတစ်ဆင့် အိုမစ်က အာဖဂန်နစ္စတန်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်းက ချေပဂိုးရရန် တောက်လျှောက်ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်ပိုင်းအားနည်းနေသဖြင့် ဂိုးရရန် ရုန်းကန်ခဲ့ရပြီး ပထမပိုင်းပြီးခါနီးမှ ဂိုးပြန်ရခဲ့သည်။ မြန်မာအသင်းအတွက် ချေပဂိုးကို တိုက်စစ်မှူး သန်းပိုင်က သွင်းယူခဲ့ပြီး သန်းပိုင်သည် ပထမအကျော့တွင်လည်း မြန်မာအသင်းအတွက် ချေပဂိုးသွင်းယူခဲ့သူဖြစ်သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ကစားသမားများပြောင်းလဲကာ တိုက်စစ်မြင့်ခဲ့ပြီး ၇၄ မိနစ်တွင် လူစားဝင်တိုက်စစ်ကစားသမား ခွန်ကျော်ဇင်ဟိန်းက အနိုင်ဂိုးသွင်းယူခဲ့သည်။


မြန်မာအသင်းသည် ငါးပွဲကစား ကိုးမှတ်၊ အာဖဂန်နစ္စတန်အသင်းက ငါးပွဲကစား နှစ်မှတ်ရထားပြီး မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် မတ် ၃၁ ရက်တွင် ပါကစ္စတန်အသင်းနှင့် အဝေးကွင်း ကစားရမည်ဖြစ်သည်။


သတင်း-ကိုညီလေး

ဓာတ်ပုံ-စိုးညွန့်သော်

No comments

Powered by Blogger.