ထိုင်းနိုင်ငံအထက်ပိုင်းဒေသများတွင် လေထုညစ်ညမ်းမှုဆိုးရွားစွာ ဖြစ်ပွား
ဗန်ကောက် မတ်
၃၀
ထိုင်းနိုင်ငံ
အထက်ပိုင်းဒေသများတွင် လေထုညစ်ညမ်းမှုဆိုးရွားစွာဖြစ်ပွားနေပြီး ကျန်းမာရေးဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
နိုင်ငံအတွင်း
တရားမဝင် တောမီးရှို့ခြင်းများကို အရေးယူဆောင်ရွက်နေကြောင်း သိရသည်။ နိုင်ငံမြောက်ပိုင်း
နှင့် အရှေ့မြောက်ပိုင်းဒေသများ၌ လေထုထဲတွင် အမှုန်အမွှားပါဝင်မှုရာခိုင်နှုန်းသည်
စိတ်ချရသည့် အဆင့်ထက်ကျော်လွန်နေကြောင်း လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာနက ပြောကြားသည်။
ချင်းမိုင်ဒေသ တွင် လေထုထဲတွင် အမှုန်အမွှားပါဝင်မှုရာခိုင်နှုန်း
တစ်ကုဗမီတာလျှင် ၂၉၂ ဒသမ ၆ မိုက်ခရိုဂရမ်ရှိ ကြောင်း သိရသည်။ နိုင်ငံအတွင်း လေထုညစ်ညမ်းမှုမြင့်တက်လာရခြင်းမှာ
တောင်ယာများမီးရှို့ခြင်းအပါအဝင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များကြောင့်ဖြစ်ကြောင်းနှင့်
လာမည့်ရက်များအတွင်း ခြောက်သွေ့သည့် ရာသီဥတုကြောင့် တောမီးလောင်မှုများမြင့်တက်လာနိုင်ကြောင်း
ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ လာလီဒါ ပီရက်ဝီဝန်တာက ပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် မီးလောင်ကျွမ်းမှုဖြစ်နိုင်သည့်နေရာ ၄၃၂၇ ခုကို စစ်ဆေးတွေ့ရှိခဲ့ပြီး မီးလောင်ကျွမ်းမှု
၉၀ ရာခိုင်နှုန်းကျော်သည် သစ်တောဧရိယာများတွင်
အဓိကဖြစ်ပွားခဲ့ကြောင်း ထိုင်းနိုင်ငံ ဘူမိသတင်း အချက်အလက်နှင့် အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏
သတင်းအချက်အလက်များအရ သိရသည်။
မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို
ဆောင်ရွက်စေရေး လိုအပ်သည့်အမိန့်များကို ထုတ်ပြန်ခဲ့ပြီး အန္တရာယ် များပြီး ဝေးလံခေါင်သီသောနေရာများတွင်
ဖြစ်ပွားသည့် မီးလောင်မှုများကို ငြှိမ်းသတ်ရန်အတွက် လေယာဉ် များနှင့် ဒရုန်းများကို
ဖြန့်ကျက်ထားကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ
လာလီဒါ ပီရက်ဝီဝန်တာက မှတ်ချက်ပြုပြောကြားသည်။ တောင်ယာမီးရှို့ခြင်းဆောင်ရွက်ရာတွင်
အန္တရာယ်ကင်းစင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။
ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ကင်းစင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့်
လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းမူဘောင်များမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
ကိုးကား
- ဆင်ဟွာ
ဘာသာပြန်
- စိုးသူရ

No comments