ဂျပန်အလယ်ပိုင်းရှိ စက္ကူစက်ရုံတွင် သံသယဖြစ်ဖွယ်ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူခြောက်ဦး ထိခိုက်ဒဏ်ရာရ
မတ် ၁၀
ဂျပန်နိုင်ငံအလယ်ပိုင်းရှိ စက္ကူစက်ရုံတစ်ခုတွင် သံသယဖြစ်ဖွယ်ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အလုပ်သမား ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများက ယနေ့တွင် ဖော်ပြထားသည်။ ၎င်းတို့အနက် နှစ်ဦးသည် ဒဏ်ရာရရှိမှုပြင်းထန်သည်ဟု သိရသည်။
ဂီဖူစီရင်စု ကာနီမြို့ရှိ Daio Paper Corp. စက်ရုံမှ အမျိုးသားနှစ်ဦးသည် အမျိုးအမည်မသိရှိရသေးသောဓာတ်ငွေ့ကို ရှူရှိုက်မိပြီး အသက်ရှူရခက်ခဲသည်ဟုဆိုကာ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅၀ မိနစ်က အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး တိုင်ကြားခဲ့ကြောင်း ကျိုဒိုနယူးစ်ဌာနက ဖော်ပြခဲ့သည်။
အဆိုပါဒဏ်ရာရရှိသော အလုပ်သမားခြောက်ဦးသည် အသက် ၂၀ မှ ၆၀ ကြားအရွယ်ရှိပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ အသက်ရှူရခက်ခဲကြောင်း တိုင်ကြားသူနှစ်ဦးသည် အသက် ၅၀ နှင့် ၆၀ ကြားရှိပြီး စကားပြောဆိုနိုင်ခြင်းမရှိကြောင်းနှင့် အခြားသူများသည် အနည်းငယ်သာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ထိုဒဏ်ရာရရှိသူများသည် ကာဗွန်မိုနိုအောက်ဆိုက် (carbon monoxide) သယ်ဆောင်သည့် ဗာလ်ဗ် (valve) ကို အစားထိုးပြောင်းလဲနေစဉ် အဆိပ်သင့်မှု ခံစားခဲ့ရခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့ကယူဆထားသည်။
ထိုစက်ရုံသည် အိမ်သာသုံးစက္ကူကဲ့သို့သော ထုတ်ကုန်များကို ထုတ်လုပ်ပြီး ကန်ထရိုက်တာများအပါအဝင် အလုပ်လုပ်ကိုင်လျက်ရှိသူ ၁၀၀၀ ခန့် ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments