တောင်ကိုရီးယားနိုင်ငံ၌ မော်တော်ကားအပိုပစ္စည်းစက်ရုံ မီးလောင်မှုကြောင့် ၅၃ ဦး ဒဏ်ရာရ၊ ၁၄ ဦး ပျောက်ဆုံး

 


မတ် ၂၀

တောင်ကိုရီးယားနိုင်ငံ၌ မော်တော်ကားအပိုပစ္စည်းထုတ်လုပ်ရေးစက်ရုံတွင် ကြီးမားသော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ၅၃ ဦး ဒဏ်ရာရရှိပြီး  ၁၄ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ဆိုးလ်မြို့တော်၏ အရှေ့တောင်ဘက် ၁၄၀ ကီလိုမီတာခန့်အကွာ ဒယ်ဂျွန်မြို့ရှိ စက်ရုံတွင်  ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၇ မိနစ်ခန့် (GMT ၀၄:၁၇) က  မီးလောင်မှု စတင်ခဲ့သည်။ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၃၀ မိနစ်အထိ လူ ၂၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ၂၉ ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မီးလောင်မှုဖြစ်ပွားချိန်တွင် ထိုစက်ရုံအတွင်း၌ ဝန်ထမ်း ၁၇၀ ဦး အလုပ်လုပ်ကိုင်လျက်ရှိရာ ၎င်းတို့အနက် ၁၄ ဦးသည် ပျောက်ဆုံးနေဆဲဖြစ်သည်။

မီးသတ်ကားအစီးရေ ၉၀ ခန့်နှင့် စက်ပစ္စည်းများအပြင် မီးသတ်သမား ၂၀၀ ခန့်ကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့ပြီး ကိုရီးယား သစ်တောဝန်ဆောင်မှု ရဟတ်ယာဉ်များက မီးလောင်ကျွမ်းမှုကို ကူညီငြှိမ်းသတ်ပေးခဲ့သည်ဟု သိရသည်။

ကယ်ဆယ်ရေးလုပ်သားများသည် အဆောက်အအုံပြိုကျမှုနှင့် ဓာတုဗေဒပေါက်ကွဲမှုများ ဖြစ်ပွားနိုင်ခြေရှိသောကြောင့် စက်ရုံအတွင်းသို့ ဝင်၍မရသေးကြောင်းနှင့် လျှောက်လမ်းဖြင့် ဆက်သွယ်ထားသော စက်ရုံ၏ အဆောက်အအုံနှစ်ခုအနက် တစ်ခုသည် လုံးဝပျက်စီးသွားပြီး မီးတောက်များသည် အခြားအဆောက်အအုံသို့ ကူးစက်သွားကြောင်း ဖော်ပြထားသည်။

ထိုအဆောက်အအုံအတွင်းတွင် ပေါက်ကွဲမှုများမြင့်တက်စေသည့် ဆိုဒီယမ် ကီလိုဂရမ် ၂၀၀ ခန့် သိုလှောင်ထားသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.