မွန်ပြည်နယ်အတွင်း Bar Code/QR Code စနစ်ဖြင့် စက်သုံးဆီအား စက်စွမ်းအားအလိုက် စတင်ရောင်းချခြင်း ကြည့်ရှုစစ်ဆေး
မော်လမြိုင် ဧပြီ ၂၂
နိုင်ငံတော်အနေဖြင့် စက်သုံးဆီအား ခြိုးခြံချွေတာသုံးစွဲစေခြင်းကို
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အနေဖြင့် ယခုလ ၂၂ ရက်မှစ၍ စက်သုံးဆီအရောင်းဆိုင်များတွင်
Bar Code/QR Code စနစ်ဖြင့် စက်သုံးဆီအား စက်စွမ်းအားအလိုက် စတင်ရောင်းချခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်
လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးနှင့် တာဝန်ရှိသူများသည်
မော်လမြိုင်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ Bar Code/QR Code စနစ်ဖြင့် စက်သုံးဆီကို
စက်စွမ်းအားအလိုက် စတင်ရောင်းချခြင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယခုအသုံးပြုသည့် (Features) အသစ်တွင်
စက်သုံးဆီအညီအမျှ ရရှိနိုင်ရေးနှင့် စက်သုံးဆီလုံလောက်စွာ အသုံးပြုနိုင်ရေးအတွက် ယာဉ်အမျိုးအစားလိုက်၊
Engine Power အလိုက်၊ လက်ရှိတွင် နံပါတ်အနီ Taxi (Saloon, Van) ကားများနှင့် နံပါတ်အနက်
/ နံပါတ်အနီ (Light Truck ၊
Truck ၊ Pickup) ကားအမျိုးအစားများကို ကီလိုမီတာကုန်ဆုံးမှု
နှုန်းပေါ်မူတည်၍ ဆီရရှိမှုပမာဏအား သတ်မှတ်ထားကြောင်း၊ ဆိုင်ကယ်စီးနင်းသူများအနေဖြင့်
တစ်ပတ်လျှင် နှစ်ကြိမ်နှုန်း၊ မော်တော်ယာဉ်များအနေဖြင့်လည်း မိမိတို့မော်တော်ယာဉ်နှင့်
အင်ဂျင်အမျိုးအစားအလိုက် တစ်ပတ်လျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် စက်သုံးဆီဖြည့်တင်းနိုင်ကြောင်းနှင့်
ယခုစနစ်ကျင့်သုံးခြင်းဖြင့် ယခင်ကကဲ့သို့ အချိန်ကာလကြာမြင့်စွာ တန်းစီ၍ စက်သုံးဆီဖြည့်တင်းခြင်း
လျော့ပါးသွားကြောင်း၊ ပြည်နယ်အနေဖြင့် ယခုစနစ်ကို ပထမဆုံးအနေဖြင့် စတင်သုံးစွဲခြင်း
ဖြစ်ကြောင်း ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ
ဦးအောင်ဇော်ချစ်ထံမှ သိရသည်။
ကိုတွတ်(ပြန်/ဆက်)

No comments