ကမ္ဘာပေါ်တွင် အောင်မြင်မှုရရှိနေသည့် တရုတ်နိုင်ငံ၏ နည်းပညာမြင့် လျှပ်စစ်ကားများ
စိုးသူရ
ယနေ့ကမ္ဘာတွင်
တရုတ်နိုင်ငံသည် လျှပ်စစ်ကား (EV) ထုတ်လုပ်မှုနှင့်
နည်းပညာပိုင်း၌ မည်သူမျှ မယှဉ်နိုင်သော အရှိန်အဟုန်ဖြင့် ထိပ်တန်းမှ ဦးဆောင်နေသည်။
၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်းကားရောင်းအား ထက်ဝက်ကျော်မှာ
လျှပ်စစ်ကားများဖြစ်လာခဲ့ပြီး BYD ကဲ့သို့သော
ကုမ္ပဏီများသည် Tesla ထက်ပင် ရောင်းအားသာလွန်ကာ
ကမ္ဘာ့နံပါတ်တစ်နေရာကို ရယူထား နိုင်ပြီဖြစ်သည်။ အစိုးရ၏ အခွန်ကင်းလွတ်ခွင့်
ပံ့ပိုးမှုများ၊ စမတ်ဖုန်းနည်းပညာနှင့် ကားများကို ပေါင်းစပ်ပေးနိုင်သော Xiaomi ကဲ့သို့ တီထွင်ဆန်းသစ်မှုများကြောင့် တရုတ်လျှပ်စစ်ကားများသည်
ဈေးနှုန်း သက်သာရုံသာမက နည်းပညာပိုင်းတွင်ပါ ဥရောပနှင့် အမေရိကန်ကားများကို
စိန်ခေါ် လာနိုင်သည်။ ထို့ကြောင့် အရှေ့တောင်အာရှမှသည် ဥရောပဈေးကွက်အထိ
တရုတ်လျှပ်စစ် ကားများ၏ လွှမ်းမိုးမှုမှာ ရှောင်လွှဲ၍မရသော ကမ္ဘာလုံးဆိုင်ရာ
အပြောင်းအလဲတစ်ခု ဖြစ်လာပေသည်။
တရုတ်နိုင်ငံ၏ EV လုပ်ငန်းသည် မြို့ပြလေထု ညစ်ညမ်းမှုကို လျှော့ချခြင်းနှင့်
ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချခြင်းဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ
အကျိုးကျေးဇူးများရှိနေသည်။ မြို့ပြဒေသတွင် လျှပ်စစ်ကားများသုံးစွဲခြင်းဖြင့်
လောင်စာဆီသုံးကားများထက် လေထုညစ်ညမ်းမှုကို လျော့ကျစေပြီး သန့်ရှင်းသည့်
လူနေမှုစနစ်ကို ဆောင်ရွက်ရာရောက်သည်။
Xiaomi လျှပ်စစ်ကား၏ HyperOS ကဲ့သို့သော စနစ်များသည်
ဖုန်း၊ အိမ်ရှိ လျှပ်စစ်ပစ္စည်းများနှင့် ကားကို တစ်သားတည်းချိတ်ဆက်ပေးကာ
“ရွေ့လျားနေသော စမတ်ပစ္စည်း” အဖြစ် ပြောင်းလဲ လိုက်သည်။ ခရီးသွားလာစဉ်အတွင်း
အိမ်ရှိပစ္စည်းများကို လှမ်း၍ထိန်းချုပ်နိုင်ခြင်း၊ AI ဖြင့် စကား ပြောခိုင်းစေနိုင်ခြင်းတို့က လူနေမှုပုံစံကို
အဆင်ပြေ စေသည်။
Xiaomi SU7 လျှပ်စစ်ကားတွင်ပါဝင်သည့် နည်းပညာများကိုလည်း အောက်ပါအတိုင်းတွေ့ရှိရသည်။
အသိဉာဏ်ရှိသော စက်ရုပ်
(Intelligent
Robot) စနစ်အရ ကားသည်လမ်းများမှ အတားအဆီးများကို
လူထက်မြန်အောင် သိရှိနိုင်ပြီး ဘေးကင်းအောင် ရှောင်ကွင်းမောင်းနှင်နိုင်သည့် Lidar နှင့် AI Sensors များ ပါဝင်သောကြောင့် သာမန်ကားထက် စက်ရုပ်တစ်ရုပ်ကဲ့သို့ အသုံးပြုနိုင်သည်။
Xiaomi Pilot (Autonomous Driving)စနစ်အရ မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုများတွင် ကားကို
အလိုအလျောက် ထိန်းကျောင်းမောင်းနှင်ပေးနိုင်သလို ကျဉ်းမြောင်းသည့်
နေရာများတွင်လည်း လူမပါဘဲ အလိုအလျောက် ကားပါကင်ထိုးပေးနိုင်သည်အထိ
အဆင့်မြင့်ကြောင်း တွေ့ရသည်။
AI Voice Assistant (Xiao AI) စနစ်အရ “ငါ့ကို အိမ်ပြန်ပို့ပေးပါ” သို့မဟုတ် “အိမ်ရောက်ရင်
လေအေးပေးစက်ဖွင့်ထားပေးပါ”ဆိုသည့် ခိုင်းစေချက်များကို နားလည်ပြီး
ချက်ချင်းလုပ်ဆောင်ပေး နိုင်ခြင်းသည် စမတ်ကျသည့် လူနေမှုပုံစံ ကို ပေးစွမ်းသည်။
တရုတ်နိုင်ငံ၏ EV ကုမ္ပဏီများသည် ကမ္ဘာ့လျှပ်စစ်ကား ဘက်ထရီထုတ်လုပ်မှု၏ ၇၀
ရာခိုင် နှုန်းကျော်ကို ထိန်းချုပ်ထားရုံသာမက နည်းပညာ ပိုင်းတွင်ပါ
ထိပ်တန်းရောက်နေသည်။
တရုတ်နိုင်ငံ CATL လျှပ်စစ်ကားလုပ်ငန်းမှ ထုတ်လုပ်သည့် Shenxing ဘက်ထရီသည် ၁၀ မိနစ် အားသွင်းရုံဖြင့် ကီလိုမီတာ ၄၀၀ (၂၅၀
မိုင်ခန့်) ခရီးနှင်နိုင်သည့် 4C Superfast Charging နည်းပညာကြောင့် ဥရောပကားများထက် အားသာ ချက်ရှိကြောင်း တွေ့ရှိရသည်။
ထို့ပြင် ၂၀၂၆-၂၀၂၇
အတွင်း မိုင် ၆၀၀ ကျော် အထိသွားနိုင်မည့် ဘက်ထရီများကို တရုတ်လျှပ်စစ် ကားလုပ်ငန်း
NIO
နှင့် IM Motors တို့က စတင် မိတ်ဆက်နေပြီဖြစ်သည်။
တရုတ်နိုင်ငံသည်
လျှပ်စစ်ကားများအတွက် အဓိကကိရိယာဖြစ်သည့် ဘက်ထရီများထုတ်လုပ် နိုင်သော
ကုန်ကြမ်းများကို ပိုင်ဆိုင်ထားခြင်းကလည်း လျှပ်စစ်ကားများထုတ်လုပ်ရာတွင်
အောင်မြင် မှုကို ပံ့ပိုးပေးသည်။ အခြားနိုင်ငံများမှ
လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းများက အရင်းအမြစ်များကို အောင်မြင်စွာ အသုံးမချနိုင်သည့်အချိန်တွင်
တရုတ်နိုင်ငံမှ ကျွမ်းကျင်သူများက ၎င်းအရင်းအမြစ် များအား
အောင်မြင်စွာအသုံးပြုနေသည်ကို တွေ့ရှိ ရသည်။
တရုတ်နိုင်ငံသည် သယ်ယူပို့ဆောင်ရေးတွင်
ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို
အသုံးပြုနိုင်သည့် လျှပ်စစ်ကားများကို အများအပြားအသုံးပြုနေပြီဖြစ်သည်။ နေ့စဉ်
လူနေမှုပုံစံတွင် လျှပ်စစ်ကားများ၏ အသုံးဝင်မှုကိုလည်း တရုတ်နိုင်ငံသားများက
နားလည်ထားကြ ရာ လျှပ်စစ်ကားအသုံးပြုမှုမှာ တစ်နေ့တခြား များပြားလာသည်ကို
တွေ့ရှိရသည်။ စွမ်းအင်ဖြစ်သည့် လျှပ်စစ်ကား အားဖြည့်စခန်းများကိုလည်း
အများအပြားထူထောင်ခဲ့ပြီးဖြစ်ရာ လောင်စာအစား ထိုး စွမ်းအင်အတွက် စိတ်ချရသည့်
အခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်။ ရုပ်ကြွင်းလောင်စာသုံးစွဲမှု လျော့ကျလာနေသည့်
ယနေ့ကမ္ဘာတွင် တရုတ်နိုင်ငံ၏ လျှပ်စစ်ကား မြှင့်တင်ရေး ဆောင်ရွက်ချက်များမှာ
အောင်မြင်မှုရရှိနေသည်ကို တွေ့ရှိရကြောင်း ရေးသားလိုက်ရပါသည်။ ။
ကိုးကား - The Rise Of
China EV IndustrY
No comments