ဒိန်းမတ်နိုင်ငံ၌ ရထားနှစ်စင်းမျက်နှာချင်းဆိုင်တိုက်မိသဖြင့် ၁၈ ဦး ဒဏ်ရာရရှိ၊ ငါးဦး စိုးရိမ်ရ



ဧပြီ ၂၄

ဒိန်းမတ်နိုင်ငံတွင် ယမန်နေ့မနက်ပိုင်းက ရထားနှစ်စင်း မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ စုစုပေါင်း ၁၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ငါးဦး စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း ဖော်ပြထားသည်။

ဒိန်းမတ်ရုပ်သံထုတ်လွှင့်သူ DR မှ နောက်ဆုံးရသတင်းအချက်အလက်များအရ ရထားနှစ်စင်းပေါ်တွင် လိုက်ပါသွားသည်ဟု ယူဆရသူဦးရေကို ယခင်ခန့်မှန်းချက် ၃၈ ဦးမှ ၃၇ ဦးအထိ ပြန်လည်ပြင်ဆင်ခဲ့သည်ဟု သိရသည်။

ရဲများက မတော်တဆမှုဖြစ်ပွားရာနေရာတစ်ဝိုက်တွင် လမ်းပိတ်ဆို့မှုများ ဆက်လက်ရှိနေပြီး ရထားလမ်းကြောင်းပေါ်ရှိ ရထားဝန်ဆောင်မှုများကို ရပ်ဆိုင်းထားဆဲဖြစ်ပြီး မည်သည့်အချိန်တွင် လုပ်ငန်းများ ပြန်လည်စတင်မည်ကို မသိရသေးကြောင်း ပြောကြားသည်။

အဆိုပါရထားနှစ်စင်းတိုက်မှုသည် ကိုပင်ဟေဂင်မြို့မြောက်ဘက် ၅၀ ကီလိုမီတာခန့်အကွာရှိ Hillerod နှင့် Kagerup အကြားရှိ Gribskov လိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဒေသစံတော်ချိန် နံနက် ၆ နာရီ ၂၉ မိနစ် (0429 GMT) တွင် အစီရင်ခံစာကို လက်ခံရရှိခဲ့ပြီး အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မတော်တဆမှုဖြစ်ပွားသည့် အကြောင်းရင်းကိုဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.