အက်ဖ်အေဖလားဗိုလ်လုပွဲကို လေးနှစ်ဆက်တက်လှမ်းခဲ့တဲ့ မန်စီးတီး တစ်ရာသီအတွင်း ပြည်တွင်းဖလားသုံးလုံး ရရှိမယ့်မျှော်လင့်ချက် ရှင်သန်လာခဲ့
မန်စီးတီးအသင်းဟာ ဧပြီ ၂၅ ရက် ညပိုင်းက ဆောက်သမ်တန်အသင်းနဲ့
ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ မန်စီးတီးအသင်းက
ဆောက်သမ်တန် အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန်အတွင်း
ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲကစားချိန် ၇၉ မိနစ်မှာ အေဇက်က
ဆောက်သမ်တန် အသင်းအတွက် ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့ပြီး မန်စီးတီးအသင်းက ဒုတိယပိုင်း
ပွဲကစားချိန် ၈၂ မိနစ်မှာ ဒိုကူက တစ်ဂိုး၊ ၈၇ မိနစ်မှာ ဂွန်ဇာလက်က တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့လို့
မန်စီးတီးအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို
တက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ အခုလို အက်ဖ်အေဖလား ဗိုလ်လုပွဲအဆင့်ကို
တက်လှမ်းနိုင်ခဲ့ခြင်းဟာ သမိုင်းတစ်လျှောက် အက်ဖ်အေဖလား ဗိုလ်လုပွဲအဆင့်ကို ပထမဆုံးအကြိမ်
လေးနှစ်ဆက် တက်လှမ်နိုင်ခဲ့မှုအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။
နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီး အသင်းဟာ ပြည်တွင်းဖလားတစ်လုံးဖြစ်တဲ့
ကာရာဘောင်ဖလားကို ဆွတ်ခူးထားပြီလည်း ဖြစ်ပါတယ်။
လက်ရှိမှာ မန်စီးတီးအသင်းအနေနဲ့ အက်ဖ်အေဖလား
ဗိုလ်လုပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ချယ်လ်ဆီးအသင်းဟာ
အက်ဖ်အေ ဖလား ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်မှာ လိဒ်ယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်
အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ၂၀၂၂ ခုနှစ် နောက်ပိုင်း အက်ဖ်အေဖလားဗိုလ်လုပွဲကို
ပထမဆုံးအကြိမ် ပြန်လည်တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီး အသင်းတို့ရဲ့
အက်ဖ်အေဖလား ဗိုလ်လု ပွဲစဉ်ကိုတော့ မေ ၁၆ ရက်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ ယခုတစ်ကြိမ် အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်မှာ
ဗိုလ်စွဲခဲ့ပါက နည်းပြဂွါဒီယိုလာ လက်ထက်မှာ အက်ဖ်အေဖလားကို သုံးကြိမ်မြောက် ဆွတ်ခူးနိုင်တော့မှာ
ဖြစ်ပါတယ်။
ဒါ့ပြင် မန်စီးတီးအသင်းဟာ ပရီမီယာလိဂ် အမှတ်ပေးပြိုင်ပွဲမှာလည်း
အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းနဲ့ သုံးမှတ်ကွာ အနေအထားမှာ ရောက်ရှိနေတာလည်း
ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ လက်ရှိ အက်ဖ်အေဖလားပြိုင်ပွဲမှာ
တစ်ပွဲ၊ ပရီမီယာလိဂ်ပြိုင်ပွဲမှာ ငါးပွဲ ကစားရဖို့ ရှိနေပြီး ရာသီကုန်အထိ ယှဉ်ပြိုင်ကစားရန်
ခြောက်ပွဲအလိုမှာ ဖလားသုံးလုံး အိပ်မက်ကတော့ အသက်ဆက်ရှိနေဆဲပဲ ဖြစ်ပါတယ်။
ပရီမီယာလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားထိပ်ဆုံးက
အာဆင်နယ်အသင်း ဟာ မန်စီးတီးအသင်းထက် တစ်ပွဲပိုကစားထားကာ ရမှတ် ၇၃ မှတ်ရရှိထားပြီး မန်စီးတီးအသင်းက
ရမှတ် ၇၀ ရရှိထားတာကြောင့် မန်စီးတီးအသင်းအနေနဲ့ လက်ရှိအချိန်မှာ ပြည်တွင်းဆုဖလား သုံးလုံးအထိ
ရရှိမယ့်မျှော်လင့်ချက် ရှင်သန်လာခဲ့ပြီလည်း ဖြစ်ပါတယ်။
ငွေကြယ် - ရေးသားသည်။

No comments