သင်္ကြန်ကာလတွင် ပုဂံရွှေစည်းခုံစေတီတော်မြတ်သို့ ခရီးသွား ၆၀၀၀၀ ကျော်ဝင်ရောက်ခဲ့ရာ ယမန်နှစ်ထက် ခရီးသွား ပိုမိုစည်ကားခဲ့
ရန်ကုန် ဧပြီ ၂၂
မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တို့စုဝေးရာ
ပုဂံယဉ်ကျေးမှုဒေသတွင် ပုဂံရွှေစည်းခုံ စေတီတော်မြတ်သို့ သင်္ကြန်ကာလ၌ ခရီးသွား ၆၀၀၀၀
ကျော် ဝင်ရောက်ခဲ့ရာ ယမန်နှစ်ကထက် ခရီးသွားပိုမိုစည်ကားခဲ့ကြောင်း ရွှေစည်းခုံစေတီ
တော်ဂေါပကအဖွဲ့မှ သိရသည်။
ပြီးခဲ့သည့် မြန်မာ့သင်္ကြန် ပွဲတော်ကာလ
ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ရွှေစည်းခုံစေတီတော်မြတ်သို့ ဘုရားဖူးခရီးသွား ၄၂၀၀၀ ကျော်
ဝင်ရောက်ခဲ့ပြီး ယခုနှစ် သင်္ကြန်ကာလ၌ ဘုရားဖူးခရီးသွား ၆၆၀၀၀ ကျော် ဝင်ရောက်ခဲ့ရာ
ယမန်နှစ်ကထက် ခရီးသွား ပိုမိုစည်ကားခဲ့ပြီး ပြည်ပခရီးသွားများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊
ဂျပန်နှင့် အမေရိကန်နိုင်ငံတို့မှ နိုင်ငံခြားသား ခရီးသွားများ လာရောက်လည်ပတ်ခဲ့သည်။
“ ဒီနှစ် သင်္ကြန်လေးရက်မှာ
ခရီးသွားမပြတ် စည်ကားခဲ့ပြီး အလှူအတန်းနဲ့ စတုဒိသာ ကျွေးမွေးမှုလည်း မပြတ်ခဲ့ပါဘူး။
အထူးသဖြင့် အခြားသောနေရာများထက် ခရီးသွားဝင်ရောက် ခဲ့တဲ့အပြင် ယမန်နှစ်ကထက် ခရီးသွား
ပိုမိုဝင်ရောက်ခဲ့တာကြောင့် ဒေသခံတွေလည်း အရောင်းအဝယ် အဆင်ပြေခဲ့ကြပါတယ်။ သင်္ကြန်ကာလ
ခရီးသွား စည်ကားမှုအပေါ် ဝမ်းသာပီတိ ဖြစ်ရပါတယ်” ဟု ရွှေစည်းခုံ စေတီတော်
ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။
မြန်မာ့ရိုးရာ သင်္ကြန်ကာလတွင် ပုဂံယဉ်ကျေးမှုဒေသသို့
ယခင်နှစ်များကထက် ခရီးသွားဝင်ရောက်မှု လျော့ကျခဲ့သော်လည်း ပုဂံဒေသ၏ အထင်ကရဘုရား၊ စေတီများသို့
ခရီးသွားများ ဝင်ရောက်ခဲ့ကာ အထူးသဖြင့် ရွှေစည်းခုံ စေတီတော်မြတ်သို့ ခရီးသွားမပြတ်
ဝင်ရောက်ခဲ့ပြီး သင်္ကြန်ကာလအတွင်း အလှူအတန်းများနှင့် မြန်မာ့ရိုးရာ အစားအစာ စတုဒိသာများ
ကျွေးမွေးမှုနှင့်အတူ နှစ်ဆန်းတစ်ရက်နေ့က ရွှေစည်းခုံ စေတီတော်ရင်ပြင်တော်၌ သံဃာတော်အရှင်သူမြတ်
အပါး ၂၀၀၀ ကျော်အား နံနက်ပိုင်းတွင် ဆွမ်းဆန်စိမ်း လောင်းလှူမှုဖြင့် အလှူအတန်းမပြတ်
ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။
သတင်း-ဥဿ
ဓာတ်ပုံ - ကိုလွင်

No comments