ဂါနာ၌ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ငှက်ဖျားရောဂါကြောင့် သေဆုံးမှုကို ၉၈ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့
အက်ကရာ ဧပြီ ၂၆
ဂါနာနိုင်ငံသည် ငှက်ဖျားရောဂါကြောင့် သေဆုံးသူအရေအတွက်ကို
၂၀၁၁ ခုနှစ်တွင် ၃၂၅၉ ဦးရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၅၂ ဦးအထိ လျှော့ချနိုင်ခဲ့ပြီး
၉၈ ရာခိုင်နှုန်း လျော့နည်းကျဆင်းခဲ့ကြောင်း ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၅ ရက်တွင်
ပြောကြားခဲ့သည်။
ဂါနာကျန်းမာရေးဌာန (GHS) ၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာ
ညွှန်ကြားရေးမှူး ဖရန်ကလင်း အာဆေဒူဘီကိုးက ၂၀၂၆ ခုနှစ် ကမ္ဘာ့ငှက်ဖျားရောဂါတိုက်ဖျက်ရေးနေ့
အထိမ်းအမှတ် အခမ်းအနားတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဂါနာနိုင်ငံ၌ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းကိုလည်း
၂၀၁၁ ခုနှစ်တွင် ၂၇ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၈ ဒသမ ၆ ရာခိုင်နှုန်းအထိ
လျှော့ချနိုင်ခဲ့ကြောင်း GHS ညွှန်ကြားရေးမှူးချုပ် ဆမ်မြူရယ် ကဘာအာကိုရီယာကိုယ်စား
၎င်းကမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဂါနာရှိ ကလေးငယ်များ၏ သေဆုံးမှုနှုန်းမှာ နှစ်နှစ်အတွင်း
၇၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ ငှက်ဖျားရောဂါ ကာကွယ်ဆေးများကို ပုံမှန်ကာကွယ်ဆေးထိုးနှံမှု
အစီအစဉ်များမှတစ်ဆင့် ထိုးနှံပေးခြင်းကြောင့် ကလေးငယ်များ၏ အသက်ဆုံးရှုံးမှုအန္တရာယ်ကို
ထိရောက်စွာ လျှော့ချနိုင်ခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဂါနာနိုင်ငံဆိုင်ရာ
ညွှန်ကြား ရေးမှူး ဖီယိုနာ ဘရာကာကလည်း ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် ဂါနာအစိုးရ၏
ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာ

No comments