နိုင်ငံ့အားကို တည်ဆောက်မည့် ပညာရေး
ဆရာဇော်(ပညာရေး)
မင်္ဂလာအပေါင်း
ပြည့်ဝမွှမ်းထုံသော ကျက်သရေမင်္ဂလာပြည့်ဝလှသည့် မြန်မာတို့၏ နှစ်သစ်ကူး သင်္ကြန်အခါသမယတွင်
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ၌ အနာဂတ်အတွက် အားတက်ဖွယ်ရာ အလင်းသစ်များ
စတင်ထွန်းလင်းလာပြီဖြစ်သည်။ ၂ဝ၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်၏ ပြည်ထောင်စု လွှတ်တော်ကတိသစ္စာပြုပွဲ အခမ်းအနား၌ ပြောကြားသည့်
မိန့်ခွန်းနှင့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊
တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒုတိယ ဝန်ကြီးများအား
တွေ့ဆုံမှာကြားသည့် မိန့်ခွန်းလမ်းညွှန်ချက်များက နိုင်ငံတော်တည်ဆောက်ရေးတွင်
“ပညာရေး” ကို အဓိက အသက်သွေးကြောအဖြစ် သတ်မှတ်ကာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
မဟာဗျူဟာမြောက် ခြေလှမ်းသစ်များကို ဖော်ဆောင်ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ၏
မိန့်ခွန်းတွင် အနာဂတ် မြန်မာနိုင်ငံကို အသိပညာရှင်၊ အတတ်ပညာရှင်များဖြင့်
တည်ဆောက်ရန်အတွက် အခြေခံပညာရေးမှသည် အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာကဏ္ဍ အထိ
ဘက်စုံမြှင့်တင်ရန်လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့သည်။
ပညာရေးသည် နိုင်ငံတည်ဆောက်ရေး၏ အခြေခံအုတ်မြစ်
နိုင်ငံတော်သမ္မတကြီးက
“နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးအောင် တည်ဆောက်ရာတွင် ပညာမရှိဘဲ
မတည်ဆောက်နိုင်” ဟူသော လေးနက်သည့် အယူအဆကိုရှေ့တန်းတင်ခဲ့ပါသည်။ ပညာရည် နိမ့်ပါးသူများ၊
အသိပညာနိမ့်ကျသူများဖြင့် နိုင်ငံကို တည်ဆောက်၍မရနိုင်ကြောင်း၊ ထို့ကြောင့် ထူးချွန်
ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များကို
မွေးထုတ်ပေးရန်မှာ နိုင်ငံတော်အတွက် မဖြစ်မနေလိုအပ်သော လုပ်ငန်း စဉ်ဖြစ်ကြောင်း
မီးမောင်းထိုးပြခဲ့သည်။ ပညာရေး မြှင့်တင်မှုမှာ တစ်ခဏတာလုပ်ဆောင်ရမည့်ကိစ္စ
မဟုတ်ဘဲ အစဉ်တစိုက် အလေးထားဆောင်ရွက် ရမည့် “အမြဲတမ်းလုပ်ငန်းစဉ်”
တစ်ရပ်ဖြစ်ကြောင်း အလေးအနက် တိုက်တွန်းထားပါသည်။
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး (ECCD) မှစတင်ခြင်း
ပညာရေးမြှင့်တင်ရာတွင်
အခြေခံကောင်းရန်မှာ ကျောင်းမတက်မီ ရှေးဦးသူငယ်ဘဝကတည်းက စတင်ရမည်ဖြစ်သည်။
မူလတန်းမတိုင်မီ မူကြိုတက်ခဲ့သော ကလေးငယ်များက ပညာသင်ယူလိုစိတ်
ပိုမိုအားကောင်းပြီး အခြေခံခိုင်မာကြသည်ကို တွေ့ရှိရသည့်အတွက် Early
Childhood Care and Development (ECCD) ဖြစ်သော
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို
သက်ဆိုင်ရာဝန်ကြီးဌာနများက အလေးထားဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။ ထိရောက်သော
မူကြိုကျောင်းများ ပေါ်ထွက်လာရေးသည် လူငယ်ပြုစုပျိုးထောင်ရေးအတွက် အဓိက
သော့ချက်ပင်ဖြစ်သည်။
စာကိုလည်းသင်၊ လူကိုလည်းပြင်
ပညာရေးသည်
စာတတ်ရုံ၊ အတန်းပညာတတ်ရုံမျှဖြင့် မလုံလောက်ဘဲ အသက်အရွယ်၊ အဆင့် အတန်းအလိုက်
ရှိသင့်ရှိထိုက်သော အတွေးအခေါ်၊ အယူအဆနှင့် ဆင်ခြင်တုံတရားများ ပြည့်စုံရန်
လိုအပ်ပါသည်။ ယနေ့နိုင်ငံတွင် ကြုံတွေ့နေရသော အခက်အခဲအချို့မှာ စာတတ်သော်လည်း အသိ
ဉာဏ်ပညာနှင့် စဉ်းစားတွေးခေါ်မှု နိမ့်ပါးနေကြသူများကြောင့်ဖြစ်သည်ဟု
နိုင်ငံတော်သမ္မတကြီးက သုံးသပ်ထားသည်။
ထို့ကြောင့်
“စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသား ကျောင်းသူများကို
ဗလငါးတန်ထူးချွန်သည့် လူကောင်းလူတော်များဖြစ်အောင် ပျိုးထောင်ပေး ခြင်းသည်
“အမျိုးသားစည်းကမ်းအစ စာသင် ကျောင်းက” ဆိုသည့်အတိုင်း နိုင်ငံတော်အတွက်
အရေးအကြီးဆုံး ပြုပြင်ပြောင်းလဲမှုပင်ဖြစ်သည်။ လူငယ်များအနေဖြင့် စာတတ်ရုံသာမက
စိတ်ဓာတ်၊ စည်းကမ်းနှင့် အသိပညာဗဟုသုတ ပြည့်စုံသည့် လူတော်လူကောင်းများ
ဖြစ်လာစေရန်နှင့် နိုင်ငံ တကာနှင့် ရင်ပေါင်တန်းနိုင်မည့် အတတ်ပညာရှင်၊
အသိပညာရှင်များဖြစ်စေရန် “စာကိုလည်းသင်၊ လူကိုလည်းပြင်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ
ကျောင်းသား ကျောင်းသူများကို အမှန်တကယ် ပညာပြည့်ဝအောင်၊ ပညာရေးကဏ္ဍကို မဖြစ်မနေ
မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
နိုင်ငံ၏အားသည် ပြည်တွင်းမှာသာရှိသည်
ပညာရေးကဏ္ဍအတွင်း
ဒေသအလိုက် မညီမျှ မှုများကိုလျော့နည်းစေရန် လိုအပ်ကြောင်း အထူး ညွှန်ကြားခဲ့သည်။
ကလေးတိုင်းအတွက် အခွင့် အလမ်း တန်းတူညီမျှမှုရရှိစေရန် အခြေခံပညာရေး ၏
အုတ်မြစ်ခိုင်မာရေးကို ဦးစားပေးထားသည်။ အခြေခံပညာရေးတွင် KG မှ Grade (9) အထိ မဖြစ်မနေသင်ယူပြီးမြောက်စေရေး (KG + 9) မူဝါဒ သည် မြန်မာနိုင်ငံသားတိုင်းအတွက် အနည်းဆုံး လိုအပ်သည့် စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့်
စည်းကမ်း ရှိမှုကို အာမခံပေးမည့် အုတ်မြစ်ဖြစ်သည်။
ဤမူဝါဒသည်
ကျောင်းနေအရွယ် ကလေး တိုင်း ကျောင်းနေနိုင်စေရန်နှင့် ကျောင်းထွက်နှုန်း
လျှော့ချရန်အတွက် အဓိကရည်မှန်းချက်ဖြစ်သည်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခကြောင့်
ပညာ သင်ကြားခွင့် ဆုံးရှုံးခဲ့ရသည့် နယ်စပ်ဒေသများရှိ ကလေးငယ်များအတွက်
နေရာဒေသကွာခြားမှု မရှိစေဘဲ ပညာသင်ကြားခွင့်ရရှိစေရန် “မည်သည့် ကလေးမျှ
မကျန်ရစ်စေရ” ဟူသော မေတ္တာနှင့် ယှဉ်သည့်မူဝါဒသည် နိုင်ငံ့သားကောင်းများ
ပေါ်ထွက်လာစေရန် ခင်းကျင်းပေးသော ပေါင်းကူး တံတားတစ်ခု ဖြစ်လာမည်ဖြစ်သည်။
“နိုင်ငံ၏အားသည်
နိုင်ငံသားများအတွင်း တွင်ရှိသည်” ဟူသော သဘောတရားကိုအခြေခံ၍ နိုင်ငံတော်သမ္မတက
ခေတ်မီနိုင်ငံတော်တစ်ရပ် တည်ဆောက်ရာတွင် ကမ္ဘာလုံးဆိုင်ရာပြိုင်ဆိုင်မှုကို
ခံနိုင်ရည်ရှိသလို ဒေသတွင်းထုတ်လုပ်မှု စွမ်းရည်နှင့်လည်း ချိတ်ဆက်နိုင်သည့်
လုပ်သား အင်အားရှိရမည်ဟု အလေးပေးပြောကြားခဲ့သည်။
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် နည်းပညာအခြေခံ သက်မွေးပညာကဏ္ဍ
မြန်မာနိုင်ငံ၏
လူဦးရေ ၇၀ ရာခိုင်နှုန်းခန့် မှီတင်း နေထိုင်ရာ ကျေးလက်ဒေသများသည် စိုက်ပျိုးရေး
နှင့် မွေးမြူရေးကို အခြေခံသည်နှင့်အညီ ၎င်းတို့၏ လူမှုစီးပွားဘဝကို မြှင့်တင်ရန်အတွက်
ပညာရေး ဝန်ကြီးဌာနအောက်ရှိ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး
အထက်တန်းကျောင်းများကို တိုးချဲ့ဖွင့်လှစ်သွားရန် အခြေခံသက်မွေးပညာကဏ္ဍကို
နိုင်ငံတော် သမ္မတကြီးက အထူးအလေးပေး ခဲ့ပါသည်။
စက်မှု၊
စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းများ - လူငယ်များအတွက် အလုပ် အကိုင်အခွင့်
အလမ်းများကို တိုက်ရိုက် ဖန်တီးပေးမည့် လမ်းကြောင်းသစ်များ ဖြစ်လာပါမည်။
Polytechnic နှင့် အဆင့်မြင့်သိပ္ပံကျောင်း များ - လက်တွေ့အသုံးချပညာရပ်များနှင့်
သိပ္ပံပညာအကြား ကွာဟချက်ကို ဖြည့်ဆည်းရန် Polytechnic တက္ကသိုလ် များကို တိုးချဲ့တည်ထောင်ပြီး Agro-based Industry အတွက် လိုအပ်သော ကျွမ်းကျင် ပညာရှင်များကို
ပြုစုပျိုးထောင်သွားမည် ဖြစ်သည်။
MSME နှင့် ချိတ်ဆက်မှု - အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း (MSME) များ ဖွံ့ဖြိုးတိုးတက်ရန် အတွက် လိုအပ်သော စက်မှုလက်မှု
ကျွမ်းကျင်သူများကို ဤသက်မွေးပညာ ကျောင်းများမှတစ်ဆင့် ပြုစုပျိုးထောင်
သွားမည်ဖြစ်သည်။
ဥပဒေအသိနှင့် စည်းကမ်းရှိသော လူမှုဝန်းကျင်
ပညာရေးသည်
အတတ်ပညာသာမက အသိပညာပါ ပြည့်စုံရမည်ဖြစ်ကြောင်း၊ ပြည်သူအားလုံး ဥပဒေကို
သိရှိလိုက်နာမှသာ အေးချမ်းသာယာသော ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်နိုင်မည်
ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လမ်းညွှန်ထားသည်။ ထို့ကြောင့်
အခြေခံပညာကျောင်းများတွင် ဥပဒေအခြေခံများကို သင်ကြားပေးခြင်းနှင့်
တက္ကသိုလ်အသီးသီးတွင် ဥပဒေပညာဘွဲ့ပေးနိုင် သည်အထိ တိုးမြှင့်ဆောင်ရွက်ခြင်းတို့သည်
တရား ဥပဒေစိုးမိုးရေးအတွက် ခိုင်မာသော ကြိုးပမ်းချက် များပင်ဖြစ်သည်။
အတူတကွ ပေါင်းစည်းတည်ဆောက်မည့် အနာဂတ်
“နိုင်ငံတော်ဖွံ့ဖြိုးဖို့
ပညာရေးကိုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍ ဘက်စုံ
ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရေး အထူးအလေးပေးပြောကြားခဲ့သည်။ နိုင်ငံတော်
သမ္မတကြီးက နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်း များနှင့်
နိုင်ငံတကာမိတ်ဖက်များအား ပညာရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် ပူးပေါင်း
ပါဝင်ကြရန် ဖိတ်ခေါ်ခဲ့သည်။
ယခုအခါ
မြန်မာနိုင်ငံသည် ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူတစ်ရပ်လုံးကလိုလားသော လမ်းကြောင်း
ပေါ်သို့ ပြန်လည်ခြေချကာ ဒီမိုကရေစီစာမျက်နှာသစ်ကို စတင်ရေးဆွဲနေပြီဖြစ်သည်။ ဆရာ၊
မိဘ၊ ကျောင်းသားနှင့် ပြည်သူတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာ
ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက မြန်မာနိုင်ငံသည် ဉာဏ်ရည်၊ ကိုယ်ကျင့်တရားနှင့်
တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုတို့ဖြင့် ကမ္ဘာ့ အလယ်တွင် ဝင့်ထည်စွာရပ်တည်နိုင်မည်ဖြစ်ပါသည်။
ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် များအချင်းချင်းပေါင်းစပ်ညှိနှိုင်းပြီး
နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးကဏ္ဍများကို စိတ်တူ ကိုယ်တူ
အကောင်အထည်ဖော်ခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ်ဆီသို့
အရောက်လှမ်းနိုင်မည်မှာ မလွဲဧကန်ပင် ဖြစ်ပါတော့သည်။ ။
No comments