နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ တပ်ကုန်းမြို့နယ်ရှိ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ငွေနှင့်ပစ္စည်းများလှူဒါန်း

 


တပ်ကုန်း ဧပြီ ၁၉

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မန္တလေးမြေငလျင်ကြောင့် ပျက်စီးခဲ့သော ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီး တည်ဆောက်နေသည့်လုပ်ငန်းခွင်သို့ နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျသည် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ရှင်းလင်းမှာကြား

ဦးစွာ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌက အလျား ၁၅၂ ပေ ၆ လက်မ၊ အနံ ၆၈ ပေ နှစ်ထပ်ဗိမာန်တော် တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ တည်ဆောက်ပြီးစီးသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဝင်က တည်ဆောက်နေသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ရှင်းလင်းမှာကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျသည် ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ မြဝတီရပ်ကွက် မီးဘေးသင့်နေအိမ် နှစ်အိမ်မှ အိမ်ထောင်စုဝင်များနှင့် တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး ဆန်၊ ဆီ၊ ကြက်ဥ၊ ရေသန့်၊ ပစ္စည်း ၁၆ မျိုးပါပုံးနှင့် ငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်စိုးလွင်

No comments

Powered by Blogger.