ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း အာဆီယံဒုတိယဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးများသို့ တက်ရောက်

 




နေပြည်တော် ဧပြီ ၇


၂၀၂၆ ခုနှစ်၏ အာဆီယံအလှည့်ကျသဘာပတိ အဖြစ် ဆောင်ရွက်သည့် ဖိလစ်ပိုင်နိုင်ငံက Virtual အစီအစဉ်ဖြင့် ဧပြီ ၇ ရက်မှ ၈ ရက်အထိကျင်းပသည့် အာဆီယံဒုတိယဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး (ASEAN Finance Deputies Ministers’ Meeting– AFDM)နှင့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးများ (ASEAN Finance and Central Bank Deputies’ Meeting – AFCDM) ကို ယနေ့နံနက်ပိုင်းတွင် စတင်ကျင်းပရာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့ ပါဝင်တက်ရောက်သည်။


အစည်းအဝေး ပထမနေ့နံနက်ပိုင်းတွင် ကျင်းပသည့် အာဆီယံဒုတိယဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးတွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်က အာဆီယံအခြေခံအဆောက်အအုံ ရန်ပုံငွေ (ASEAN Infrastructure Fund–AIF) ဖြင့်ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ အာဆီယံအာမခံ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ အာဆီယံနယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံအခွန်ဆိုင်ရာကိစ္စရပ်များ၊ အကောက်ခွန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံ ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်မှုများနှင့် အာဆီယံငွေတိုက်ဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီများမှ ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြကြရာ အာဆီယံဒုတိယ ဘဏ္ဍာရေးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးကြပြီး အစည်းအဝေးမှ မှတ်တမ်းတင်ခဲ့ကြသည်။ ထို့နောက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်က ASEAN Climate Finance Policy Platform နှင့်စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေနှင့် သဘောတရားစာတမ်း (Concept Note)ကို ဆွေးနွေးတင်ပြကြရာ အစည်းအဝေးက အတည်ပြုကြသည်။


နိုင်ငံအလိုက် ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက အာဆီယံနိုင်ငံများ အကြား နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်များအတွက် မထားမနေရ သူတစ်ပါးထိခိုက်မှု အာမခံဆိုင်ရာ ကိစ္စရပ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ရှင်းလင်းဆွေးနွေးသည်။


နေ့လယ်ပိုင်းတွင် ကျင်းပသည့် အာဆီယံ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးတွင် အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံက ၎င်း၏ အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်သည့် ကာလအတွင်းဆောင်ရွက်မည့် Priority Economic Deliverables (PEDs) ကိစ္စရပ်များကို တင်ပြရာ အစည်းအဝေးက သဘောတူကြသည်။ ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်က တင်ပြသည့် ASEAN Economic Community (AEC) Strategic Plan 2026-2030 တွင်ပါဝင်သော Finance Sectoral Plan ၏ ဆောင်ရွက်မှုအခြေအနေနှင့် ASEAN Finance Integration Monitoring Report (AFIMR) 2026 (မူကြမ်း)ကို အစည်းအဝေးက မှတ်တမ်းတင်သည်။ အစည်းအဝေး၏ တွဲဖက်သဘာပတိများ နှင့် ASEAN Senior Level Committee မှ တွဲဖက် သဘာပတိများက တင်ပြကြသည့် အာဆီယံ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးပေါင်းစည်းမှုဆိုင်ရာ လမ်းပြမြေပုံအကောင်အထည်ဖော်မှု အခြေ အနေများ၊ Cadmus Group ကတင်ပြသော AEC Blueprint 2025 အကောင်အထည်ဖော်မှု၏ ရလဒ်များ၊ Project Revive လုပ်ငန်းအဖွဲ့က လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အစည်းအဝေးက အတည်ပြုကြပြီး အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စား လှယ်ကတင်ပြသည့် အာဆီယံနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု (ASEAN-ADB Strategic Partnership) ဆိုင်ရာ ကိစ္စရပ်များကို အစည်းအဝေးက မှတ်တမ်းတင်ကြသည်။


ယင်းအစည်းအဝေးများအား ဧပြီ ၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဧပြီ ၉ ရက်နှင့် ၁၀ ရက်တို့တွင် အကြိမ် (၃၀)မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးနှင့် (၁၃) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများအစည်းအဝေးများအား Virtual အစီအစဉ်ဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.