အာဖရိက၌ ငှက်ဖျားရောဂါကင်းစင်ရေးအတွက် ကာကွယ်ဆေးရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် ဂါဗီ တိုက်တွန်း



နိုင်ရိုဘီ ဧပြီ ၂၆

 

ငှက်ဖျားရောဂါကာကွယ်ဆေးများတွင် ရေရှည်ရင်းနှီးမြှုပ်နှံခြင်းသည် ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်မားသော အာဖရိကနိုင်ငံများ၌ ရောဂါကင်းစင်ရေးအတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း ကာကွယ်ဆေးမဟာမိတ်အဖွဲ့ (ဂါဗီ) ၏ အဆင့်မြင့် အရာရှိတစ်ဦးက ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။

 

၂၀၂၃ ခုနှစ်မှစတင်၍ အာဖရိကတွင် ငှက်ဖျားကာကွယ်ဆေးအလုံးရေ ၅၂ သန်းခန့် ဖြန့်ဝေခဲ့ပြီး အာဖရိကနိုင်ငံ ၂၅ နိုင်ငံတွင် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း ဂါဗီ၏ နိုင်ငံအလိုက် ပို့ဆောင်ရေးအကြီးအကဲ သဘာနီ မက်ဖိုဆာ၏ ပြောကြားချက်အရ သိရသည်။

 

ကာကွယ်ဆေးထိုးပြီးသော ကလေးငယ်များတွင် ဆေးရုံတက်ရမှုနှင့် ပြင်းထန်သော ငှက်ဖျားရောဂါဖြစ်ပွားမှုများ လျော့နည်းလာကြောင်း ကင်ညာ၊ မာလာဝီ၊ ဂါနာနှင့် ကင်မရွန် နိုင်ငံများ၏ အစီရင်ခံစာများတွင် ဖော်ပြထားသည်။

 

“လက်တွေ့အကျိုးသက်ရောက်မှုများကို ယခုအခါ တွေ့မြင်နေရပြီ” ဟု ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီတွင် ထုတ်ပြန်သောကြေညာချက်အပေါ် မက်ဖိုဆာက မှတ်ချက်ပြု ပြောကြားခဲ့သည်။

 

ပထမဆုံး ငှက်ဖျားရောဂါ ကာကွယ်ဆေးဖြစ်သော RTS,S/AS01 ကို ၂၀၁၉ ခုနှစ်တွင် အာဖရိက၌ စတင်အသုံးပြုခဲ့ပြီး ၎င်း၏ထိရောက်မှုနှင့် ဘေးကင်းမှုကို စမ်းသပ်ရန် ဂါနာ၊ ကင်ညာနှင့် မာလာဝီနိုင်ငံများတွင် ရှေ့ပြေးအစီအစဉ်များ ဆောင်ရွက်ခဲ့သည်။

 

ဂါဗီနှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများ သည် ၂၀၃၀ ပြည့်နှစ်တွင် ကလေးငယ် သန်း ၅၀ ခန့်ကို ငှက်ဖျားကာကွယ်ဆေး အပြည့်အဝထိုးနှံပေးနိုင်ရေး ရည်မှန်းထားကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အချက်အလက်များအရ ကမ္ဘာတစ်ဝန်းရှိ ငှက်ဖျားရောဂါဖြစ်ပွားမှု၏ ၉၅ ရာခိုင်နှုန်းခန့်မှာ အာဖရိကဒေသတွင် ဖြစ်ပွားလျက်ရှိသည်။

 

ဆင်ဟွာ

No comments

Powered by Blogger.