ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

 


တောင်ကြီး ဧပြီ ၂၀

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

 

ပြောကြား

တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် ဧရိယာ အကျယ်ပြန့်ဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်သည့် ပြည်နယ်တစ်ခုဖြစ်၍ တိုင်းရင်းသား မျိုးနွယ်စုတစ်စုချင်း၏ အခွင့်အရေး၊ ရပိုင်ခွင့်များနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေးကို အစိုးရအဖွဲ့အနေဖြင့် အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ပြည်နယ်၏ အဓိကစီးပွားရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍ တိုးမြှင့်ဆောင်ရွက်ရာတွင် ပြည်သူတိုင်း ကျန်းမာရေး စောင့်ရှောက်မှု အလွယ်တကူရရှိရေးသည် အရေးကြီးပါကြောင်း၊ စီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အမျိုးသမီးကဏ္ဍတွင်လည်း အမျိုးသမီးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝ လုံခြုံတိုးတက်မြင့်မားရေးနှင့် ပညာရှင်များ၊ စွမ်းဆောင်ရည်မြင့်မားသူများ ပေါ်ထွန်းလာရေးကို အလေးထားဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍတွင်လည်း ပြည်နယ်၏ သဘာဝအရင်းအမြစ်ကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပေးရန် လိုအပ်ကြောင်း၊ လျှပ်စစ်၊ စွမ်းအင်ကဏ္ဍတွင်လည်း စွမ်းအင်လိုအပ်ချက် မြင့်မားနေပြီး လောင်စာဆီ ပြဿနာများ ရင်ဆိုင်နေရမှုသည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအများစုတွင် တွေ့ကြုံနေရသည့်အတွက် နိုင်ငံတော်ကချမှတ်ထားသည့် စက်သုံးဆီချွေတာရေးမူကို တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများကိုယ်တိုင်နှင့် အစိုးရဌာနများက စံနမူနာပြ လိုက်နာဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ရှမ်းပြည်နယ်တစ်ဝန်းလုံး မြို့ရော ကျေးလက်ဒေသပါမကျန် ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းကြိုးပမ်းပေးကြရန် ပြောကြားသည်။

 

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ယခင်လ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်တာဝန်ရှိသူများက ဌာနအလိုက် တစ်ဦးချင်းမိတ်ဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပြန်လည်မိတ်ဆက်ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် အထွေထွေဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments

Powered by Blogger.