ကချင်ပြည်နယ်ဝန်ကြီးချုပ် ရန်အောင်မြင်ကျောင်းတိုက်ဆရာတော်၏ ထပ်ဆင့် ဝိသိဋ္ဌဂုဏပူဇာ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုပူဇော်

 


မြစ်ကြီးနား ဧပြီ ၂၃

 

မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် ရန်အောင်မြင် (ဘုမ္မော) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္တောဘာသ၏ ထပ်ဆင့် ဝိသိဋ္ဌဂုဏပူဇာ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ပြည့်စုံသုခဓမ္မ ကျောင်းဆောင်၌ ကျင်းပရာ ဝန်းသိုကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာ‌တော် သံဃာတော်များ ကြွ‌ရောက်တော်မူကြသည်။

 

ထို့နောက် ဆရာတော် သံဃာတော်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူ့ဒါယကာ၊ ဒါယိကာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

 

ဆက်ကပ်လှူဒါန်း

ယင်းနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်က ကျေးဇူးတင် ဝမ်းမြောက်ကြောင်း မိန့်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများက ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ဆက်လက်၍ တေးသီချင်းဖြင့် ဆရာတော်အား ပူဇော်ခဲ့ကြပြီး ရွှေရတနာပုံ ဆရာတော် ဦးကလျာဏက ဘွဲ့တံဆိပ်တော်ရ ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားပြီး ရတုပိုဒ်စုံဖြင့် သီဆိုပူဇော်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

 

မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက် ၁၀၀ ကာလအတွင်း Quick Win လုပ်ငန်းများ ဝန်ကြီးဌာနအလိုက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်နိုင်ရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အလေးအနက်ထား လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့အတူ ရက်ပေါင်း ၁၀၀ ကာလအတွင်း Quick Win လုပ်ငန်းများကိုလည်း ပြည်နယ်ဝန်ကြီးများအနေဖြင့် သက်ဆိုင်ရာ ဦးစီးဌာန/ အဖွဲ့အစည်းများကို အနီးကပ် ကြပ်မတ် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထို့အတူ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရာတွင် ပြည်သူများ အားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် မိမိတို့အားလုံးက စည်းစည်းလုံးလုံး ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန/အဖွဲ့အစည်းများက ရက် ပေါင်း ၁၀၀ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် Quick Winလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပြည်နယ်အစိုးရအဖွဲ့က ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က Quick Win လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေး အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးစားဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ယင်းနောက် မြစ်ကြီးနားမြို့ ရှမ်းစုတောင် ရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းဘေး၌ ဝန်းသို ဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် တည်ထားကိုးကွယ်လျက်ရှိသည့် ဓာတ်တော်တိုက်စေတီတော်ဝင်း အတွင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူတည်ဆောက် လျက်ရှိသော အလျား ၁၄၅ ပေ ရှိ ကျောက်စီမြေထိန်း တမံတည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.