အာဖဂန်တပ်ဖွဲ့များက ရေကြီးရေလျှံမှုကြောင့် သောင်တင်နေသူ ၁၅၈ ဦးကို ကယ်ဆယ်ရရှိ



ဧပြီ ၉

အာဖဂန်နိုင်ငံအရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် သောင်တင်နေသူ ၁၅၈ ဦးကို ကယ်ဆယ်ရရှိခဲ့ကြောင်း ပြည်နယ်အစိုးရရုံးက ယမန်နေ့ကထုတ်ပြန်ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

အဆိုပါကြေညာချက်အရ ပြည်နယ်၏ ခရိုင်ခြောက်ခုမှ ဒေသခံများကို ပိုမိုဘေးကင်းသောနေရာများသို့ လေကြောင်းဖြင့် ပို့ဆောင်ပေးရာတွင် လေယာဉ် ၁၈ စင်း ပါဝင်ခဲ့သည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းမှု၊ မြေပြိုမှု၊ အိမ်ပြိုကျမှု၊ ရုတ်တရက်ရေကြီးမှု၊ မိုးကြိုးမုန်တိုင်းနှင့် မိုးကြိုးပစ်မှုများကြောင့် လွန်ခဲ့သော ၁၂ ရက်အတွင်း လူ ၁၃၀ ကျော် သေဆုံးပြီး ၁၉၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နန်ဂါဟာပြည်နယ်အပါအဝင် နိုင်ငံ၏ ပြည်နယ် ၃၄ ခုအနက် ပြည်နယ် ၂၁ ခုရှိ ဝေးလံခေါင်သီပြီး ထိခိုက်လွယ်သော ခရိုင်များတွင် မိုးများသည်းထန်စွာဆက်လက်ရွာသွန်းကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားနိုင်သည်ဟု နိုင်ငံ၏မိုးလေဝသဌာနက သတိပေးပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.