ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရွှေစင်ဝင်းရွှေဆိုင်နှင့် တောင်ဥက္ကလာပမြို့နယ်ရှိ ရောင်နီဦးရွှေဆိုင်တို့အား သေနတ်ပစ်ဖောက်လုယက်မှု ကျူးလွန်ခဲ့ကြသည့် တရားခံ အမျိုးသားသုံးဦး အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော် ဧပြီ ၃
၂၀၂၆ ခုနှစ် မတ် ၂၈ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ ရွှေစင်ဝင်းရွှေဆိုင်တွင် ဆိုင်ရှင်ဖြစ်သူသည် ဆိုင်ဝန်ထမ်းဖြစ်သူနှင့်အတူ ဆိုင်ရှိ ရွှေဆွဲကြိုး ၁၈၄ ကုံးပါ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၁ ပိဿာ ၅၀ ကျပ်သားခန့်၊ တန်ဖိုးငွေကျပ်သိန်း ၈၅၀၀ ခန့်အား ခရီးဆောင်အိတ်ဖြင့် သိမ်းဆည်းပြီး ဆိုင်ပိတ်ကာ နေအိမ်သို့ပြန်ရန် မော်တော်ယာဉ်အား စောင့်ဆိုင်းနေစဉ် အမျိုးသားနှစ်ဦးရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ကားဘီးဖြုတ် သည့် ဂွင်းဂွဖြင့်ရိုက်နှက်ပြီး ရွှေထည်ပစ္စည်းများထည့်ထားသော အိတ်ကို လုယက်ယူဆောင်၍ အသင့်စောင့်နေသည့် အမျိုးသားတစ်ဦး မောင်းနှင်သည့်ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သတင်းပေးပို့ တိုင်ကြားလာသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်း၌ (ပ)၇၆/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင် ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ် မှတ်တမ်း များရယူခြင်း၊ နယ်မြေအတွင်းသတင်းရယူ စုံစမ်းခြင်းများဆောင်ရွက်ခဲ့ရာ လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ဇော်လင်းထွန်း(၃၃)နှစ် (ဘ)ဦးထွန်း သောင်းအား ၎င်း၏ဇာတိဖြစ်သော ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ညောင်တေးကျေးရွာရှိ နေအိမ်၌ ဧပြီ ၁ ရက် ညပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်လင်းထွန်း၏ ထွက်ဆိုချက်အရ သေနတ်ပစ်ဖောက်လုယက်မှု ကျူးလွန်သူ မှန်ကြီး(ခ)သက်နောင်(၅၈)နှစ် (ဘ)ဦးသိန်းအား ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် မင်းရဲ ရပ်ကွက်ရှိ ရသာမွန်စားသောက်ဆိုင်၌ ဧပြီ ၂ ရက် ညပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံဇော်လင်းထွန်းသည် “ရွှေစင်ဝင်း” ရွှေဆိုင်အား လုယက်မှုမကျူးလွန်မီ ပတ်ဝန်းကျင်အခြေအနေအား စုံစမ်းလေ့လာစောင့်ကြည့်ခြင်းများ ပြုလုပ်ပေး ခဲ့ပြီး တရားခံ မှန်ကြီး(ခ)သက်နောင်နှင့် သက်ပိုင်ဦး (ဖမ်းဆီးရန်ကျန်)တို့နှစ်ဦးက သေနတ်ပစ်ဖောက်၍ လုယက်ခဲ့ကြကြောင်း၊ ဇော်လင်းထွန်းက ဆိုင်ကယ်မောင်းနှင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး တရားခံ မှန်ကြီး(ခ)သက်နောင်ထံမှ ရွှေထည်ပစ္စည်းမျိုးစုံ ၃၀၅ ခု၊ ငွေကျပ်သိန်း ၂၄၀၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် KUZEY-GN19 စာတမ်းပါ ပစ္စတို သေနတ်တစ်လက်၊ PAC 380 AUTO ကျည် ၁၃ တောင့်၊ THAI ARMS-380 ACP ကျည်နှစ်တောင့်၊ ကျည်ဘောက်နှစ်ခု၊ ပစ္စတိုသေနတ်ထည့်သည့် MARMY စာတန်းပါ အစိမ်းရောင်အိတ်တစ်ခုနှင့် ရွှေထည်ပစ္စည်းမျိုးစုံ ၆၅ ခုတို့အားလည်းကောင်း၊ ရွှေပေါက်ကံ တံတားအောက် ငမိုးရိပ်ချောင်းအတွင်းမှ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Feiling 110 အမျိုး အစား အနက်ရောင်ဆိုင်ကယ်အားလည်းကောင်း အသီးသီး သိမ်းဆည်းရမိခဲ့သည်။
အမှုမှ တရားခံ မှန်ကြီး(ခ) သက်နောင်နှင့် ဇော်လင်းထွန်းတို့၏ထွက်ဆိုချက်အရ ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းတွင် ၎င်းတို့နှစ်ဦးသည် စည်သူ(၃၈)နှစ် (ဘ)ဦးတင်ထွန်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက် နန္ဒဝန်ဈေးအနီးရှိ “ရောင်နီဦး” ရွှေဆိုင်အား လုယက်မှု ကျူးလွန်ခဲ့ကြသည့် တရားခံများဖြစ်ကြောင်း ဖော်ထုတ်ရရှိသဖြင့် တရားခံစည်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဧပြီ ၂ ရက်တွင် ၎င်းကို မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂)ရပ်ကွက် ရွှေပင်လယ် ဘုန်းကြီးကျောင်းအနီး၌ သက်သေခံ ဆိုင်ကယ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ရွှေစင်ဝင်းရွှေဆိုင်နှင့် ရောင်နီဦးရွှေဆိုင်တို့ကို သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယက်မှုကျူးလွန်ခဲ့ကြသည့် တရားခံများအား ပြည်သူလူထုပူးပေါင်းပါဝင် ကူညီမှုဖြင့် ဖော်ထုတ်နိုင် ခဲ့ပြီး ဖမ်းဆီးရမိတရားခံ မှန်ကြီး(ခ)သက်နောင်၊ ဇော်လင်းထွန်းနှင့် စည်သူတို့သုံးဦးကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်တရားခံ သက်ပိုင်ဦးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments