ပါပူအာနယူးဂီနီနိုင်ငံအရှေ့ပိုင်းသို့ ပြင်းထန်သောအပူပိုင်းဆိုင်ကလုန်းမုန်တိုင်း မိုင်လာ ဉီးတည်လျက်ရှိ
ဧပြီ ၉
ပါပူအာနယူးဂီနီနိုင်ငံ (PNG) အရှေ့ပိုင်းသို့ ပြင်းထန်သော အပူပိုင်းဆိုင်ကလုန်း မိုင်လာသည် ဆော်လမွန်ပင်လယ်ပြင်တွင် အဆင့်လေး မုန်တိုင်းအဖြစ် ဦးတည်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါဆိုင်ကလုန်းသည် ယနေ့ ဒေသစံတော်ချိန် နံနက် ၄ နာရီ (ဗုဒ္ဓဟူးနေ့ GMT ၁၈၀၀) တွင် ပို့တ်မိုရက်စ်ဘီမြို့၏ အရှေ့ဘက် ၉၁၀ ကီလိုမီတာအကွာတွင် တည်ရှိပြီး အနောက်ဘက်သို့ ရွေ့လျားလျက်ရှိကြောင်း သြစတြေးလျ မိုးလေဝသဗျူရို (BoM) က ပြောကြားခဲ့သည်။
ထိုဆိုင်ကလုန်းသည် ဧပြီ ၈ ရက်က အဆင့် ငါးမှ ယနေ့တွင် အဆင့် လေးသို့ ကျဆင်းသွားပြီး တစ်နာရီလျှင် ကီလိုမီတာ၂၆၀ လေတိုက်နှုန်းဖြင့် တိုက်ခတ်ခဲ့သည်ဟု မိုးလေဝသဌာနက ပြောကြားသည်။
မိုးလေဝသဗျူရိုက ထုတ်ပြန်ခဲ့သော သီးခြားခြေရာခံမြေပုံများနှင့် အမျိုးသားရာသီဥတုဌာန (NWS) တို့က ဆိုင်ကလုန်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနေစဉ် ဧပြီ ၁၀ ရက်နေ့တွင် အဆင့် သုံးသို့ ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။
ဆိုင်ကလုန်းသည် ပို့တ်မိုရက်စ်ဘီမြို့၏ အရှေ့ဘက် ၃၇၀ ကီလိုမီတာအကွာရှိ Alotau မြို့အနီးရှိ နယူးဂီနီကျွန်း၏ အရှေ့ဘက်အကျဆုံးနေရာတွင် ဧပြီ ၁၁ ရက် သို့မဟုတ် ၁၂ ရက်နေ့တွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်ကြောင်း နှစ်ဖက်စလုံးက ခန့်မှန်းထားသည်။
ယနေ့တွင် အရေးပေါ်သတိပေးချက်အသစ်တစ်ခု ထုတ်ပြန်ခဲ့ပြီး Alotau သည် မြို့တော်ဖြစ်သည့် Milne Bay ပြည်နယ်ရှိ ပြည်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှု၊ ကမ်းရိုးတန်းရေကြီးမှုနှင့် ပျက်စီးစေသောလေတိုက်ခတ်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်သင့်သည်ဟု ပြောကြားခဲ့သည်။
လာမည့်သီတင်းပတ်အစောပိုင်းတွင် ဆိုင်ကလုန်းသည် သြစတြေးလျကမ်းရိုးတန်းကို ဖြတ်ကျော် သွားနိုင်သည်ဟု မိုးလေဝသဗျူရိုက ပြောကြားခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
.jpg)
No comments