သီရိလင်္ကာနိုင်ငံအလယ်ပိုင်းတွင် ဘတ်စ်ကားမတော်တဆမှုကြောင့် ကျောင်းသား ၃၄ ဦး ထိခိုက်ဒဏ်ရာရ
ဧပြီ ၂၈
သီရိလင်္ကာနိုင်ငံအလယ်ပိုင်းပြည်နယ်ရှိ စာသင်ကျောင်းများသို့ ပို့ဆောင်ပေးသည့် ပုဂ္ဂလိကပိုင်ဘတ်စ်ကားတစ်စီးသည် ကျောင်းသားများကို ပို့ဆောင်နေစဉ် မတော်တဆမှုဖြစ်ပွားခဲ့ရာ ကျောင်းသား ၃၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးရုံတင်ကုသမှုခံယူခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ယင်းမတော်တဆမှုသည် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ထိုဘတ်စ်ကားသည် ရုတ်တရက်ဘရိတ်စနစ်ချို့ယွင်းမှုဖြစ်ပွားခဲ့ရာ ယာဉ်မောင်းသည် ယာဉ်ကိုရပ်တန့်ရန် အဓိကလမ်းမကြီးဘေးရှိ ကမ်းပါးတစ်ခုသို့ မောင်းနှင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဒဏ်ရာရရှိခဲ့သော ကျောင်းသားများကို ဒေသဆိုင်ရာဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် မတော်တဆမှုနှင့်ပတ်သက်သည့် နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထပ်မံပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments