(၂၂) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး၊ (၁၃) ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်



နေပြည်တော် ဧပြီ ၁၁

 

(၂၂) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (22nd ASEAN Central Bank Governors’ Meeting-ACGM)၊ (၁၃)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ များအစည်းအဝေး (13th ASEAN Finance Ministers’ and Central Bank Governors’ Meeting-AFMGM) နှင့် ဆက်စပ်အစည်းအဝေးများကို ဧပြီ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ်ကြီးမှူး၍ Fully Virtual စနစ်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံ တော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Video Conferencing ဖြင့် တက်ရောက်သည်။

 

ဧပြီ ၉ ရက်တွင် ဆက်စပ်အစည်းအဝေးအဖြစ် ကျင်းပသည့် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် ငွေရေး ကြေးရေး အဖွဲ့အစည်းများ၏ အမှုဆောင်အရာရှိချုပ်များ အစည်းအဝေးတွင် အာဆီယံဘဏ်များ အသင်းက အာဆီယံအခြေပြု Artificial Intelligence ဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းများနှင့် အာဆီယံဒေသတွင်း လိမ်လည်လှည့်ဖြားမှုများဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ငွေရေးကြေးရေး ကြံ့ခိုင်မှုရှိရေးဆိုင်ရာ အဆင့်မြင့်စကားဝိုင်း ဆွေးနွေးပွဲကို ဆက်လက် ကျင်းပရာ ငွေရေးကြေးရေး ကြံ့ခိုင်မှုနှင့်စပ်လျဉ်း၍ ငွေရေးကြေးရေး တည်ငြိမ်ရေး ဆောင်ရွက်ချက်များ၏ အရေးပါမှုအခြေအနေများ၊ ထွန်းသစ်စနိုင်ငံများ၏ ဈေးကွက်စီးပွားရေးတွင် ပြည်တွင်း အပ်ငွေများနှင့်စပ်လျဉ်း၍ ဒစ်ဂျစ်တယ်ငွေကြေးများ၏အခန်းကဏ္ဍဆိုင်ရာ ကိစ္စရပ်များ၊ ယင်းနှင့်စပ်လျဉ်း၍ ဗဟိုဘဏ်များ၏ အကောင်အထည်ဖော် ဆောင်ရွက်ချက်များနှင့် မဟာဗျူဟာနည်းလမ်းများ၊ အားလုံးပါဝင်သော လုံခြုံစိတ်ချရသည့် ဒစ်ဂျစ်တယ်ငွေရေးကြေးရေး ဆိုင်ရာ အခန်းကဏ္ဍများ စသည့်ကိစ္စရပ်များအပေါ် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

 

ချိတ်ဆက်အသုံးပြုဆောင်ရွက်လျက်ရှိ

အဆိုပါ အဆင့်မြင့်စကားဝိုင်း ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စန္ဒာဦးက အာဆီယံနိုင်ငံများမှ နိုင်ငံအလိုက် ငွေရေးကြေးရေး ကြံ့ခိုင်မှုရှိရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် MMQR (Myanmar QR) စနစ်အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားဝင်စတင်မိတ်ဆက်ခဲ့ပြီး MMQR သည် National QR Standard ဖြစ်ပြီး ဘဏ်များနှင့် မိုဘိုင်း Wallet များကြား ငွေပေးချေမှုများကို တစ်ပြေးညီ အပြန်အလှန်ချိတ်ဆက် အသုံးပြုဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် ဒစ်ဂျစ်တယ်ငွေရေးကြေးရေးဆိုင်ရာ မြှင့်တင်ဆောင်ရွက်မှုများ၊ ပုဂ္ဂလိကကဏ္ဍနှင့် ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေများ၊ စားသုံးသူ အကာအကွယ်ပေးရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ဒစ်ဂျစ်တယ်ငွေရေးကြေးရေး ဝန်ဆောင်မှုများတွင် ဆုံးရှုံးနိုင်ခြေများ အတွက် ဆိုက်ဘာလုံခြုံရေး၏ အရေးပါမှုအခြေအနေများ၊ ဒစ်ဂျစ်တယ် ငွေရေးကြေးရေးဆိုင်ရာ အများပြည်သူသို့ အသိပညာပေးရေး ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးသည်။

 

ဧပြီ ၁၀ ရက်တွင် ကျင်းပသည့် (၂၂) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးနှင့် (၁၃) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးတွင် ၂၀၂၅ ခုနှစ် အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ တိုးတက်မှုအခြေအနေများနှင့် ယင်းအပေါ် အကဲဖြတ် လေ့လာခဲ့ရာတွင် တွေ့ရှိခဲ့သည့်ရလဒ်များနှင့် အကြံပြုချက်များ၊ ၂၀၂၅ ခုနှစ် မလေးရှားနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ်ကာလအတွင်း အဆိုပြုခဲ့သည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေများ၊ ၂၀၂၆ ခုနှစ်တွင် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ၂၀၂၆-၂၀၃၀ ခုနှစ်များတွင် ဆက်လက်ဆောင်ရွက်မည့် မဟာဗျူဟာလုပ်ငန်းစဉ်များ၊ အာဆီယံငွေကြေးဖလှယ်မှု အစီအစဉ်ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးကိစ္စရပ်များ၊ အာဆီယံငွေကြေးနှင့် ငွေရေးကြေးရေး ပေါင်းစည်းရေးလမ်းပြမြေပုံအရ ဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာလုပ်ငန်း ကော်မတီများ၏ တိုးတက်မှုအခြေအနေများ၊ အာဆီယံဒေသအတွင်းရှိ စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှုအလိုက် စနစ်တကျ ခွဲခြားသတ်မှတ်ခြင်းဆိုင်ရာ စတုတ္ထအကြိမ် အစီရင်ခံစာထုတ်ဝေမှုနှင့် စပ်လျဉ်းသည့်အခြေအနေများ စသည့် ကိစ္စရပ်များအပေါ် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပြီး အတည်ပြုချက်ရယူသည့် ကိစ္စရပ်များကို အတည် ပြုပေးခဲ့ကြသည်။

 

အမြင်ချင်းဖလှယ်ဆွေးနွေး

ထို့အပြင် ဆက်စပ်အစည်းအဝေးဖြစ်သည့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး အဖွဲ့အစည်းများ အစည်းအဝေးတွင် အရင်းအနှီးဈေးကွက်များ ပေါင်းစည်းရာ၌ ငွေရေးကြေးရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုများ၏ အခန်းကဏ္ဍများ၊ ရင်းနှီးမြှုပ်နှံမှု များတွင် ပွင့်လင်းမြင်သာမှုနှင့် ဘဏ္ဍာရေးစည်းမျဉ်းဆိုင်ရာ ကိစ္စရပ်များအတွက် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ရှင်းလင်းတင်ပြမှုများအပေါ် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် (၁၃) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၏ ပူးတွဲကြေညာချက်အား အပြီးသတ်ဆွေးနွေး၍ အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အတည်ပြုခဲ့ကြပြီး (၁၄) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများအစည်းအဝေးကို လာမည့် ၂၀၂၇ ခုနှစ်တွင် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.