မွန်ပြည်နယ်ဝန်ကြီးချုပ် ရေဆင်းပေါ်ဆန်း(၁)၊ (၂)စပါးမျိုးသစ်များ ဒေသနှင့်ကိုက်ညီမှု ရှိ၊ မရှိ စမ်းသပ်စိုက်ပျိုးထားရှိမှု ကွင်းသရုပ်ပြပွဲနှင့် အသားတိုးဝက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု
ပေါင် ဧပြီ ၂၃
မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန
ပေါင်မြို့နယ်ရှိ ရေဆင်း ပေါ်ဆန်း(၁)၊ (၂)စပါးမျိုးသစ်များ ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိ
စမ်းသပ်စိုက်ပျိုးထားရှိမှု ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်
ဖြူဘကျေးရွာ တောင်သူ ဦးသန်းထွန်း၏ လယ်မြေ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊
ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန
ပြည်နယ်ဦးစီးမှူးက စပါးသီးနှံ ပန်းတိုင်အထွက် ရရှိရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို
လည်းကောင်း၊ ပေါင်မြို့နယ်ဦးစီးမှူးက ပေါင်မြို့နယ်၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများနှင့်
ရေဆင်းပေါ်ဆန်း (၁)၊ (၂) စပါးမျိုးသစ်များ စမ်းသပ်စိုက်ပျိုး ထုတ်လုပ်မှု အတွေ့အကြုံများကို
ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ယင်းနောက် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက
လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများနှင့် တွေ့ဆုံကာ
တောင်သူများ၏ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ ရေဆင်းပေါ်ဆန်း (၁)၊
(၂)စပါးမျိုး များ စမ်းသပ်စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု
အားပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်
ပေါင်မြို့နယ် ရဲဗြားကုန်းကျေးရွာရှိ ဦးတင်မြင့်၏ အသားတိုးဝက် မွေးမြူရေးခြံသို့ ရောက်ရှိပြီး
ရှင်းလင်းဆောင်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝက်မွေးမြူရေး
ခြံပိုင်ရှင်တို့က ဝက်မွေးမြူရေးဆိုင်ရာ အချက်အလက်များ၊ ဝက်မွေးမြူထားရှိမှု အခြေအနေများကို
ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် အသားတိုးနှင့် မျိုးဝက်မွေးမြူရေးခြံများအတွင်း လှည့်လည်ကြည့်ရှုပြီး
ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း
သိရသည်။
မွန်မလေး (ပြန်/ဆက်)

No comments