မကွေးတိုင်းဒေသကြီး၌ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀) ဖွင့်ပွဲကျင်းပ

 


မကွေး ဧပြီ ၂၇

 

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေး၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မကွေးတပ်နယ် အသီးသီးမှ အရာရှိစစ်သည်များ၊ မကွေးလေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ၊ အခြေခံလေကြောင်း လူငယ်သင်တန်း တက်ရောက်မည့် သင်တန်းသား သင်တန်းသူများနှင့် သင်တန်းသား မိဘများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသားများ အနေဖြင့် နောင်တစ်ချိန်တွင် လေကြောင်း ပညာရပ်ဆိုင်ရာ မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်အတွက် သက်ဆိုင်ရာစာပေနှင့် လက်တွေ့ဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ပြီး RC လေယာဉ်၊ ရဟတ်ယာဉ်၊ Drone မောင်းနှင်ခြင်း၊ RC Simulator မောင်းနှင်ခြင်းနှင့် လေ့လာရေးခရီးစဉ်များ သွားရောက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ပြည့်ဝစွာဖြင့် ခေတ်စနစ်နှင့်အညီ တိုးတက်နေသော ပညာရပ်များကို မျက်ခြည်မပြတ် လေ့လာသင်ယူကာ ရှေ့သို့ဆက်လက် ကြိုးပမ်းသွားကြရန်တိုက်တွန်းပြောကြားသည်။

 

ထို့နောက် မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့က အခြေခံ လေကြောင်း လူငယ်သင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က မကွေးလေတပ်စခန်း ဌာနချုပ်မှူးထံ ပေးအပ်သည်။

 

ကြည့်ရှု

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူ ပစ္စည်းများနှင့် လေကြောင်းဆိုင်ရာ သမိုင်းမှတ်တမ်းဓာတ်ပုံများ ခင်းကျင်း ပြသထားမှုကို လေ့လာကြည့်ရှုသည်။

 

အဆိုပါသင်တန်းကို ဧပြီ ၂၇ ရက်မှ မေ ၁၅ ရက်အထိ ရက်သတ္တ သုံးပတ် (စနေနေ့အပါအဝင်)မကွေး လေတပ်စခန်းဌာနချုပ် (မကွေးသင်တန်းစခန်း) တွင် သင်ခန်းစာများကို စာတွေ့ လက်တွေ့ သင်ကြားသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းမှ သင်တန်းသား သင်တန်းသူ ၅၀ တက်ရောက်ခွင့်ရရှိကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)

No comments

Powered by Blogger.