တန်ဇန်းနီးယားနိုင်ငံ၏ ခြင်္သေ့အကောင်ရေ ၁၇၀၀၀ အထိရှိလာ
ဧပြီ ၂၁
တန်ဇန်းနီးယား၏ ခြင်္သေ့အကောင်ရေ ၁၇၀၀၀ ခန့်အထိ ရောက်ရှိခဲ့ပြီး ကမ္ဘာပေါ်တွင် အများဆုံးဖြစ်ကြောင်း အရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
တန်ဇန်းနီးယား သဘာဝအရင်းအမြစ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် Hassan Abbasi က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ တန်ဇန်းနီးယားနိုင်ငံသို့ရောက်ရှိနေသည့် ယူဂန်ဒါနိုင်ငံ၏ ခရီးသွားလုပ်ငန်း တောရိုင်းတိရစ္ဆာန်နှင့် ရှေးဟောင်းပစ္စည်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် Doreen Katusiime နှင့် လေ့လာရေးခရီးစဉ်တစ်ခုတွင် ဆွေးနွေးစဉ်အတွင်း ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းခရီးစဉ်သည် အလားတူ ထိန်းသိမ်းစောင့်ရှောက်ရေးစီမံကိန်းများကို အကောင်အထည်ဖော် လုပ်ဆောင်နေသည့် နိုင်ငံများတွင် တရားမဝင် တောရိုင်းတိရစ္ဆာန်များ ခိုးယူမှုနှင့် တရားမဝင် တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှု တိုက်ဖျက်ရာတွင်အတွေ့အကြုံများဖလှယ်ရန် ရည်ရွယ်သည့် အသိပညာမျှဝေခြင်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု သိရသည်။
တန်ဇန်းနီးယား၏ ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းမှုများသည် တောရိုင်းတိရစ္ဆာန်များ ခိုးယူမှုကို သိသိသာသာ ကျဆင်းစေပြီး အထူးသဖြင့် ခြင်္သေ့များ၏ တောရိုင်းတိရစ္ဆာန်အကောင်ရေကို ပြန်လည်တည်ငြိမ်ကောင်းမွန်လာစေသည်ဟု Abbasi က ဆိုသည်။
ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရန် ထိုကဏ္ဍများ၏ ပံ့ပိုးကူညီမှုကို မြှင့်တင်ရန်အတွက် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ခရီးသွားလုပ်ငန်းနှင့် သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် နှစ်ဖက်သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments