ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၌ ဒသမအကြိမ် ဒါနဥပပါရမီ စုပေါင်းမေတ္တာသွေးလှူဒါန်းပွဲ ကျင်းပ
ရန်ကုန် ဧပြီ ၂၆
ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဂေါပကအဖွဲ့ရုံးဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများ ဒသမအကြိမ် ဒါနဥပပါရမီ စုပေါင်းမေတ္တာ သွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါစေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးတင်ရှိန်က သွေးလှူဒါန်းပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ဝမ်းသာပီတိစကားပြောကြားပြီး ရန်ကုန်ဆေးရုံကြီး အမျိုးသားသွေးလှူဌာနမှ ဒေါက်တာသန္တာက သွေးလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် သွေးလှူဒါန်းကြမည့် စေတီတော်ဂေါပကရုံးဝန်ထမ်းများနှင့် ဘုရားဖူးလာ သွေးလှူရှင်ပြည်သူများအား အမျိုးသားသွေးလှူဌာနမှ တာဝန်ခံဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးအမျိုးအစားခွဲပေးခြင်း၊ ကျန်းမာရေးဆိုင်ရာများ စစ်ဆေးပေးခြင်း တို့ကို ကူညီဆောင်ရွက်ပေးကြသည်။ ထို့နောက် ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဂေါပကရုံးဝန်ထမ်းများနှင့် ဘုရားဖူးလာသွေးလှူရှင်များက သွေးလှူဒါန်းနေမှုကို ကြည့်ရူအားပေးကြသည်။
ယနေ့သွေးလှူဒါန်းကြသည့် သွေးလှူရှင်များအား စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က တီရှပ်အင်္ကျီများ၊ အအေး၊ ကြက်ဥ၊ နွားနို့ စသည့်အာဟာရများနှင့် အမျိုးသားသွေးလှူဌာနက သံဓာတ်အားဆေး စသည့်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments