သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၁/၂၀၂၄) မှ ပြည်သူ့ စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ထိုက်တန်စွာချီးမြှင့်ပေးအပ်



နေပြည်တော် ဧပြီ ၁၁

 

နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၁/၂၀၂၄)တွင် မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးပြီး တာဝန်ထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းများသည် ယခုအခါ သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

 

ထိုသို့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် အသီးသီး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သတ်မှတ် စစ်မှုထမ်း ကာလကို တာဝန်ကျေပွန်စွာ ထမ်းဆောင် ပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ကြသည်။

 

အခမ်းအနားများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများနှင့် တိုင်းမှူးများက ဂုဏ်ပြုအမှာစကားများ ပြောကြားကြပြီး တာဝန်ကျေပွန်စွာ စစ်မှုထမ်းဆောင်၍ သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့ စစ်မှုထမ်း တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများအား လက်ဖက်ရည် ဝိုင်းများ၊ ဂုဏ်ပြုနေ့လယ်စာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြပြီး နိုင်ငံ့သားကောင်း စစ်သည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

 

သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှထမ်းများအနေဖြင့် ၎င်းတို့၏ ဘဝတွင် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ စည်းကမ်းလိုက်နာမှုနှင့် ကိုယ်ကျိုးမဖက် စွန့်လွှတ် အနစ်နာခံမှုတို့ဖြင့် ပေးအပ်လာသော တာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင်ခဲ့ကြသူများအဖြစ် ကမ္ပည်းမော်ကွန်းထိုး မှတ်တမ်းဝင်ခဲ့ကြပြီဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်လည်း ၎င်းတို့ စစ်မှုထမ်းဆောင်စဉ် ကာလတစ်လျှောက်တွင် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများ ရရှိစေရေးအတွက် စနစ်တကျဆောင်ရွက်ပေးခဲ့သည်။ ပြည်သူ့ စစ်မှုထမ်းများသည် စစ်မှုထမ်းကာလ ပြီးဆုံးပါက မိမိသဘောဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှု ထမ်း‌ဆောင်လိုပါက ထမ်းဆောင်နိုင်ခြင်း၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ယခင် အလုပ်အကိုင်သို့ အလားတူရာထူးအတိုင်း ပြန်လည်ခန့်အပ်ခံရခြင်းနှင့် နိုင်ငံတော်မှပေးအပ် ချီးမြှင့်သည့် ထိုက်သင့်သော အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။ ထို့ပြင် သတ်မှတ်စစ်မှုထမ်း ကာလ ပြည့်မြောက်ပြီးသူများကို အလုပ်အကိုင်ရရှိရေးများနှင့် ပတ်သက်၍လည်း ၎င်းတို့ဆန္ဒပြုသည့် အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်တွင်း/ပြည်ပ အလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီများနှင့် ချိတ်ဆက်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 

ထို့ပြင် နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်း အချို့သည်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်လိုသည့် အတွက် ကိုယ်တိုင်ဆန္ဒပြု၍ တပ်မတော်တွင် ဆက်လက်တာဝန်ထမ်းဆောင်ကြသည်များလည်း ရှိကြကြောင်း သိရသည်။

 

ယခုကဲ့သို့ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ သတ်မှတ်ကာလ ပြည့်မြောက်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားသည် နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်းများပီပီ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများကို ထိုက်ထိုက်တန်တန် တန်ဖိုးထားခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူအကြား ယုံကြည်မှုနှင့် တာဝန် သိမှုကို ဖော်ပြသည့် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ရာ လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့ စစ်မှုထမ်းများနှင့် သင်တန်းတက်ရောက်နေဆဲဖြစ်သည့် ပြည်သူ့စစ်မှုထမ်းများနှင့် နောင်လာ နောက်သား မျိုးဆက်သစ် လူငယ်လူရွယ်များအတွက်လည်း စံနမူနာကောင်းတစ်ခုပင် ဖြစ်သည်။

 

သတ်မှတ်ကာလပြည့်မြောက်ခဲ့သည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများ၏ စကားသံများကို လည်း ယခုကဲ့သို့ ကြားသိရပါသည်။

 

၁။ ကျွန်တော် ပြည်သူ့စစ်မှုထမ်းထဲဝင်ရောက်ရတဲ့ အကြောင်းရင်းကတော့ ဥပဒေပြဋ္ဌာန်း လိုက်ကတည်းက ရည်ရွယ်ချက်လေးတွေရှိတော့ ရည်ရွယ်ချက်လေးတွေ ပြည့်မြောက်ချင်လို့ ဝင်လာခဲ့တာပါ။ နှစ်နှစ်ကာလမှာလည်း တွေ့ကြုံခဲ့ရတာကတော့ စစ်သားတစ်ယောက်ရဲ့ နေ့စဉ် လှုပ်ရှားမှုတွေ၊ သူတို့ ဘယ်လိုကျော်ဖြတ် နေရတယ်ဆိုတဲ့ ဟာတွေကို ကျွန်တော်တို့ သိခဲ့ရပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း သူတို့နဲ့ပူးပေါင်းပြီးတော့ နှစ်နှစ်တာကာလပြီးဆုံးတဲ့အထိ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီကာလပြီးတော့ နောင်ဝင်လာမယ့် လူငယ်တွေကိုလည်း ဘာပြောချင်လဲ ဆိုတော့ ကိုယ်တိုင် ကြိုးစားကြည့်ပါ။ ဘေးစကားတွေကို မယုံပါနဲ့။ ကိုယ်တိုင်လုပ်ကြည့်မှ ကိုယ်တိုင် သိမှာပါ။ မည်သည့်အရာမဆို ကိုယ့်စဉ်းစား ဆင်ခြင်ဉာဏ်နဲ့ ကိုယ်တိုင်ဆုံးဖြတ်ပြီးတော့ ဝင်စေ ချင်တယ်လို့ ကျွန်တော်အကြံ ပြုချင်ပါတယ်။

 

၂။ ကျွန်တော့်ရဲ့ အသိစိတ်ဓာတ်နဲ့ ကျွန်တော့်ရည်ရွယ်ချက်နဲ့ ဘယ်သူမှမတိုက်တွန်းဘဲ ကျွန်တော့်ကိုယ် ကျွန်တော် ယုံယုံကြည်ကြည်နဲ့ ဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ကျွန်တော် အခုလို စစ်သားတစ်ယောက်ဖြစ်ရတဲ့၊ စစ်ပညာတွေသင်ကြားရတဲ့အတွက် ကျွန်တော့်ကိုယ်ကျွန်တော် အများကြီး ဂုဏ်ယူမိတယ်။ မြန်မာနိုင်ငံမှာနေရင်တော့ မြန်မာနိုင်ငံကထုတ်တဲ့ ဥပဒေကိုတော့ လိုက်နာရမှာပဲ။ စစ်မှုထမ်းအပတ်စဉ်ကို ထပ်လာမယ့် ညီငယ်လေးတွေကိုလည်း ဘာမှစိုးရိမ်မကြောင့်ကြဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံယုံကြည်ကြည်နဲ့ လာပြီးတော့ တာဝန် ထမ်းဆောင်ဖို့လည်း ကျွန်တော်က ဖိတ်ခေါ်ပါတယ်။

 

သတင်းစဉ်

No comments

Powered by Blogger.