တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်းဖွင့်ပွဲ တက်ရောက်

 


ထားဝယ် ဧပြီ ၂၃

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း Dip.EP အမှတ်စဉ် ( ၂/ ၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါဒီဂရီကောလိပ်ရှိ တိက္ခပညာခန်းမ၌ ကျင်းပသည်။

 

ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက သင်တန်းတက်ရောက်ကြသည့် ဆရာ ဆရာမများအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တမကျန် ဘက်စုံဖွံ့ဖြိုးတိုးတက်သော မြန်မာ့လူ့ဘောင်ကို အကျိုးပြုသည့် နိုင်ငံသားကောင်းများဖြစ်အောင် ကြိုးစားပေးကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် ပညာရေးကဏ္ဍအနေဖြင့် အားနည်းနေသည်ကို တွေ့ရှိရပြီး ပညာရေးကဏ္ဍအား အလေးထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းဖြင့် အလေးထားကြိုးစား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား ဆရာ ဆရာမများအား ထောက်ပံ့ ငွေကျပ် သိန်း ၃၀ ပေးအပ်ချီးမြှင့်ကာ သင်တန်းသား ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

သင်တန်းတွင် သင်တန်းသား ဆရာ ဆရာမ ၂၇၀ အား မေ ၂၂ ရက်အထိ စာတွေ့၊ ရေးဖြေများဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

 

ညနေပိုင်းတွင် ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်ကြသည်။

 

ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့ကျင်းပသော တိုင်းဒေသကြီး မြို့နယ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲကို တောင်ကြီးမြို့၌ ဇွန် ၁၀ ရက်မှ ၁၉ ရက်အထိ ကျင်းပမည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြုဘော်လီဘောကစားသမားများ ရွေးထုတ်နိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှ အရည်အချင်းရှိသော ဘော်လီဘောအားကစားသမားများကို စိစစ်ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်သွားမည်ဖြစ်‌သည့်အတွက် ဘော်လီဘောအားကစားသမားများ အနေဖြင့် တိုင်းဒေသကြီးလက်ရွေးစင်အဖြစ် ရွေးချယ်ခံရအောင် အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ကြိုးစားယှဉ်ပြိုင်ကစားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များက အမျိုးသားထားဝယ် မြို့နယ်အသင်းနှင့် ပုလောမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲအပြီးတွင် ထားဝယ်မြို့နယ်အသင်းက အနိုင်ရရှိသည်။

 

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲတွင် အမျိုးသားခြောက်သင်း၊ အမျိုးသမီး ခြောက်သင်းတို့က ဧပြီ ၂၇ ရက်အထိ ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.