အသိဉာဏ်ရတနာဖြင့် နိုင်ငံတော်၏ အနာဂတ်ကို ထွန်းညှိခြင်း
ရွှေစင်ထွန်း(အညာမြေ)
ကမ္ဘာ့သမိုင်းစဉ်တစ်လျှောက်
နိုင်ငံတစ်နိုင်ငံ၏ အင်အားကို တိုင်းတာရာတွင် ထိုနိုင်ငံရှိ လူသား အရင်းအမြစ်များ၏
အသိဉာဏ်ပညာမြင့်မားမှုကို အဓိကထား စံနှုန်းသတ်မှတ်ခဲ့ကြပါသည်။ လူငယ် ဟူသည်
နိုင်ငံတော်၏ အနာဂတ်ဗိသုကာများဖြစ်ကြ သည့်အလျောက် ၎င်းတို့၏ စဉ်းစားတွေးခေါ်မှု
မှန်ကန်ရန်မှာ အလွန်အရေးကြီးသော အချက်ဖြစ်ပါသည်။
ယနေ့ကဲ့သို့
နည်းပညာနှင့် သတင်းအချက်အလက်များ အရှိန်အဟုန်ဖြင့် စီးဆင်းနေသော ခေတ်ကာလတွင်
ပညာဗဟုသုတတည်းဟူသော လက်နက်မပါဘဲလောကကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်
ခက်ခဲလှပါသည်။ ထိုပညာ ဗဟုသုတကို ရရှိရန်အတွက် အခြေခံအကျဆုံးနှင့် အထိရောက်ဆုံးသော
နည်းလမ်းမှာ “စာဖတ်ခြင်း” ပင်ဖြစ်ပါသည်။ စာဖတ်ခြင်းက လူတစ်ဦးချင်းစီ၏ အသိဉာဏ်ကို
ပွင့်လင်းစေရုံသာမက နိုင်ငံအတွင်းရှိ လူငယ်ထုတစ်ရပ်လုံးကို လမ်းမှားသို့
မရောက်ရှိစေရန် ထိန်းကျောင်းပေးနိုင်သော အကောင်းဆုံးသော လမ်းပြမြေပုံလည်း
ဖြစ်ပါသည်။
အနာဂတ်နိုင်ငံတော်၏ အုတ်မြစ်နှင့် လူငယ်တို့၏ တာဝန်
နိုင်ငံတစ်နိုင်ငံ၏
ရေရှည်တည်တံ့ခိုင်မြဲမှုသည် ထိုနိုင်ငံတွင် မှီတင်းနေထိုင်ကြသော လူငယ်ထု၏
အရည်အသွေးပေါ်တွင် တိုက်ရိုက်တည်မှီနေပါသည်။ လူငယ်တို့သည် နိုင်ငံတော်၏ အနာဂတ်
ဗိသုကာများ ဖြစ်ကြသည့်အလျောက် မိမိတို့၏ပခုံးပေါ်တွင် တင်ရှိနေသော
သမိုင်းပေးတာဝန်ကို သိရှိနားလည်ရန် လိုအပ်လှပါသည်။ ထိုတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက်
စာပေ ဗဟုသုတတည်းဟူသော ခိုင်မာသည့်အုတ်မြစ်ကို စနစ်တကျ ချမှတ်ထားရမည်ဖြစ်ပါသည်။
စာဖတ်ခြင်းက လူငယ်တို့အား တာဝန်သိစိတ်၊ တာဝန်ခံစိတ်ရှိသော နိုင်ငံ့သားကောင်းများ
ဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးသည့် အခြေခံအကျဆုံးသောလမ်းစဉ်ပင် ဖြစ်ပါသည်။
စာမဖတ်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် အသိအမြင် ကျဉ်းမြောင်းမှု
စာပေနှင့်
ဝေးကွာသော လူငယ်တစ်ဦးသည် မိမိကိုယ်တိုင် တည်ဆောက်ထားသော ကျဉ်းမြောင်း သည့်
အမှောင်ကမ္ဘာထဲတွင်သာ ပိတ်လှောင်ခြင်းခံထားရသကဲ့သို့ ရှိနေတတ်ပါသည်။ စာမဖတ်ခြင်း
ကြောင့် အသိဉာဏ်ချို့တဲ့မှုက တစ်ကိုယ်ကောင်းဆန်သော အတွေးအခေါ်များကို
ဖြစ်ပေါ်စေပြီး ပတ်ဝန်းကျင် နှင့် လောကအပေါ် အမြင်စောင်းမှုများကို
ဖန်တီးပေးပါသည်။ အသိအမြင် ကျဉ်းမြောင်းသူတို့သည် ခိုင်လုံသော အထောက်အထားများမပါဘဲ
ဆုံးဖြတ်ချက်များ ချမှတ်တတ်ကြသဖြင့် မိမိဘဝ လမ်းကြောင်းကို မှားယွင်းစွာလျှောက်လှမ်းမိစေနိုင်သည့်အပြင်
လူ့အဖွဲ့အစည်းအတွက်လည်း ဝန်ထုပ် ဝန်ပိုး ဖြစ်စေနိုင်ပါသည်။
ကမ္ဘာ့အခြေအနေနှင့် ရင်ပေါင်တန်းနိုင်ရန် စာဖတ်ခြင်း၏ အရေးပါမှု
ယနေ့ကာလသည် ပထဝီဝင်အကန့်အသတ်များ
ကျော်လွှားကာ ကမ္ဘာကြီးတစ်ခုလုံး ချိတ်ဆက် နေသော (Globalization) ခေတ်ကာလဖြစ်ပါသည်။ နိုင်ငံတကာတွင် ဖြစ်ပျက်နေသော စီးပွားရေး၊ လူမှုရေးနှင့်
နိုင်ငံရေးအပြောင်းအလဲများကို မျက်ခြည်မပြတ်သိရှိနေရန်မှာ စာဖတ်ခြင်းကသာ
အကောင်းဆုံးသော ပြတင်းပေါက်ဖြစ်ပါသည်။ ကမ္ဘာ့ဖြစ်စဉ်များကို မသိရှိဘဲ
မိမိနိုင်ငံအတွင်း၌သာ မှိန်းနေပါက အခြားသောနိုင်ငံများ၏ ရှေ့သို့တက်လှမ်းသွားမှုနောက်တွင်
မိမိတို့လူငယ်များမှာ နောက်ကျ ကျန်ရစ်ခဲ့မည်ဖြစ်ပါသည်။ စာဖတ်ခြင်းသည်
မိမိတို့၏အမြင်ကို ကမ္ဘာ့အဆင့် အထိ ကျယ်ပြန့် စေပါသည်။
နည်းပညာတိုးတက်မှုနှင့် စာဖတ်အား၏ အပြန်အလှန် ဆက်နွှယ်မှု
နည်းပညာများသည်
တောမီးကဲ့သို့ လျင်မြန်စွာပြောင်းလဲနေပြီး လူသားတို့၏ နေ့စဉ်ဘဝထဲသို့
နက်ရှိုင်းစွာ ဝင်ရောက်လာပြီဖြစ်သည်။ သို့သော်ထိုနည်းပညာများကို အမှန်တကယ်အကျိုးရှိရှိ
အသုံးချနိုင်ရန်မှာ စာဖတ်ခြင်းမှရရှိသော အခြေခံဗဟုသုတ လိုအပ်ပါသည်။
စာဖတ်အားကောင်းသော လူငယ်သည် နည်းပညာအသစ်များကို လျင်မြန်စွာသင်ယူနိုင်စွမ်းရှိပြီး
ယင်းတို့ကို မိမိနှင့် မိမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိရိယာတစ်ခုအဖြစ်
ကျွမ်းကျင်စွာ အသုံးချနိုင်မည်ဖြစ်ပါသည်။
သတင်းအချက်အလက် အမှားအမှန် ခွဲခြားနိုင်သော ဝေဖန်ပိုင်းခြားနိုင်စွမ်း
သတင်းအချက်အလက် နည်းပညာခေတ်တွင်
အချက်အလက်များ (Information) ပေါများလွန်း လှသော်လည်း
ထိုအထဲတွင် မဟုတ်မမှန်သော ဝါဒဖြန့်မှုများနှင့် သတင်းတုများစွာ ရောနှော နေပါသည်။
စာဖတ်ခြင်းသည် လူငယ်တို့၏ ဦးနှောက်ကို အချက်အလက် စစ်ထုတ်စက် (Filter) တစ်ခုကဲ့သို့ ဖြစ်လာစေပါသည်။ စာပေဗဟုသုတ ပြည့်စုံသူသည်
မည်သည့်သတင်းစကားကိုမဆို အလွယ်တကူ မယုံကြည်ဘဲ ကျိုးကြောင်းဆင်ခြင်၍
ဝေဖန်ပိုင်းခြား နိုင်စွမ်းရှိသဖြင့် လမ်းမှားသို့ ပို့ဆောင်မည့်သူများ၏
လက်တွင်းသို့ မသက်ဆင်းဘဲ မိမိကိုမိမိ ကာကွယ် နိုင်ပါသည်။
နိုင်ငံတော်တစ်ဝန်းရှိ စာကြည့်တိုက်များ၏ အသုံးချမှုနှင့် အကျိုးကျေးဇူး
နိုင်ငံတော်အစိုးရအနေဖြင့်
ပြည်သူများ၊ အထူးသဖြင့်လူငယ်များ အလွယ်တကူ စာဖတ်နိုင်ရန်အတွက် မြို့ပြမှသည်
ကျေးရွာအဆင့်အထိ စာကြည့်တိုက်များစွာကို တည်ဆောက်ဖွင့်လှစ်ပေးထားပါသည်။
ဤစာကြည့်တိုက်များသည် ဗဟုသုတဘဏ္ဍာတိုက်များဖြစ်ကြပြီး မည်သူမဆိုလွတ်လပ်စွာ
ဝင်ရောက် ရှာဖွေနိုင်သော ပညာဘဏ်တိုက်များဖြစ်ပါသည်။ လူငယ်များအနေဖြင့် အချိန်ကိုအကျိုးမဲ့ မဖြုန်းတီးဘဲ
ဤအခမဲ့ရရှိနိုင်သော အရင်းအမြစ်များကို အသုံးချကာ မိမိတို့၏ အသိပညာကို ဖြည့်တင်းကြရမည်
ဖြစ်ပါသည်။
ခေတ်မီနည်းပညာခေတ်တွင် စာပေဖတ်ရှုမှုပုံစံ
ပြောင်းလဲလာခြင်း
စာဖတ်ခြင်းသည်
ယခင်ကကဲ့သို့ စက္ကူစာအုပ်များပေါ်တွင်သာ ကန့်သတ်မနေတော့ဘဲ စမတ်ဖုန်းနှင့်
ကွန်ပျူတာများပေါ်တွင် (E-book) အဖြစ်
ဖတ်ရှုနိုင်သော အခြေအနေသို့ ရောက်ရှိလာပါသည်။ ထိုအပြောင်းအလဲသည် လူငယ်များအတွက်
ပိုမိုလွယ်ကူသော အခွင့်အလမ်းဖြစ်စေရန် ရည်ရွယ်ပါသည်။ အချိန်မရွေး၊ နေရာမရွေး
ပညာရှာနိုင်သော ခေတ်ကာလတွင် လူငယ်များအနေဖြင့် ဖုန်းကို အပျော်အပါးအတွက်သာ မဟုတ်ဘဲ
မိမိဘဝတိုးတက်စေမည့် စာပေများဖတ်ရှုရန်အတွက် အလေးထား အသုံးပြုသင့်ပါသည်။
စာဖတ်ခြင်းဖြင့် ရရှိနိုင်သော စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု
စာပေသည်လူတစ်ဦး၏
အတွေးအခေါ်ကို ရင့်ကျက်စေရုံသာမက နှလုံးသားကိုလည်း နူးညံ့ ပျော့ပျောင်းစေပါသည်။
ကောင်းမွန်သော စာပေများကို ဖတ်ရှုခြင်းဖြင့် အမျက်ဒေါသကို ထိန်းချုပ်နိုင် ခြင်း၊
သည်းခံခြင်းနှင့် စာနာနားလည်ခြင်းစသည့် မြင့်မြတ်သော စိတ်ဓာတ်များ
ကိန်းအောင်းလာစေပါသည်။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရင့်ကျက်သော လူငယ်များသည် လောက၏
လှိုင်းတံပိုးများကို ကြံ့ကြံ့ခံနိုင်ပြီး တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းကို
ဖော်ဆောင်နိုင်သည့် အင်အားစုများ ဖြစ်လာမည် ဖြစ်ပါသည်။
နိုင်ငံရေးနှင့် လူမှုရေးရာ အမြင်များ မှန်ကန်စေရန် လေ့လာခြင်း
မိမိနိုင်ငံ၏
သမိုင်းကြောင်းနှင့် ယနေ့ဖြစ်ပျက်နေသော နိုင်ငံရေးအခင်းအကျင်းများကို မှန်ကန်စွာ
သိရှိရန်မှာ စာဖတ်ခြင်းမှတစ်ပါး အခြားနည်းလမ်းမရှိပါ။ သမိုင်းစာပေများကို
ဖတ်ရှုခြင်းဖြင့် အတိတ် က မှားယွင်းမှုများကို သင်ခန်းစာယူနိုင်ပြီး အနာဂတ်အတွက်
ပိုမိုကောင်းမွန်သော လမ်းကြောင်းများကို ရွေးချယ်နိုင်မည်ဖြစ်သည်။ နိုင်ငံရေးအသိ၊
နိုင်ငံရေးသတိရှိသော လူငယ်တစ်ဦးသည် သူတစ်ပါး၏ သွေးထိုးလှုံ့ဆော်မှုအောက်သို့
မရောက်ရှိဘဲ နိုင်ငံအတွက် အကျိုးရှိမည့်ဘက်တွင်သာ ရပ်တည်နိုင် မည်ဖြစ်ပါသည်။
စာပေဗဟုသုတနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အောင်မြင်မှု
မည်သည့်
အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွင်မဆို ထိပ်ဆုံးသို့ရောက်ရှိရန်အတွက် မိမိ
လုပ်ငန်းနှင့် သက်ဆိုင်သော စာပေဗဟုသုတများကို အမြဲတစေလေ့လာနေရန် လိုအပ်ပါသည်။
စာဖတ် သောလူငယ်သည် မိမိလုပ်ကိုင်နေသောအလုပ်တွင် ပိုမိုကျွမ်းကျင်လာပြီး
ဆန်းသစ်တီထွင်မှုများကို ပြုလုပ်နိုင်ပါသည်။ စာမဖတ်ဘဲ အတွေ့အကြုံ သက်သက်ဖြင့်သာ
သွားနေသူသည် တစ်နေရာ၌ ရပ်တန့်နေတတ်သော်လည်း စာဖတ်သူမှာမူ အမြဲတမ်း
တိုးတက်ပြောင်းလဲနေသော လောကနှင့် အတူ အောင်မြင်မှု ပန်းတိုင်ဆီသို့ လျင်မြန်စွာ
ရောက်ရှိနိုင်ပါသည်။
အမှားကိုရှောင်ရှားပြီး အမှန်ကို ဖော်ဆောင်နိုင်သည့် လူငယ်စွမ်းအား
လူငယ်ဟူသည်
စွမ်းအင်အပြည့်ရှိသောအရွယ်ဖြစ်သဖြင့် ထိုစွမ်းအင်ကို လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိရန်
အသိဉာဏ်ဖြင့် ထိန်းကျောင်းရမည်ဖြစ်ပါသည်။ စာဖတ်ခြင်းသည် လူငယ်များအား
အမှားနှင့်အမှန်ကို ချိန်ဆနိုင်သော ချိန်ခွင်လျှာတစ်ခုကို ပေးအပ်နိုင်ပါသည်။
လွဲမှားသောအတွေး အခေါ်များ၊ မူးယစ်ဆေးဝါးနှင့် ဒုစရိုက်လောကထဲသို့ မကျရောက်စေရန်
စာပေကအကာအကွယ် ပေးထားပါသည်။ အမှန်တရားကို မြတ်နိုးသော လူငယ်ထုသည် နိုင်ငံတော်၏
အဖိုးတန်ဆုံးသော ရတနာများဖြစ်ကြပါသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးတွင် အသိပညာ၏ အခန်းကဏ္ဍ
နိုင်ငံတော်
တည်ငြိမ်အေးချမ်းရေးအတွက် စစ်အင်အား၊ ငွေအင်အားထက် အသိပညာ အင်အားက
ပိုမိုအရေးကြီးပါသည်။ အသိပညာရှိသောလူထုသည် ငြိမ်းချမ်းရေး၏တန်ဖိုးကို နားလည်ကြပြီး အဖျက်သမားတို့၏သွေးထိုးမှုကို
လက်မခံဘဲ ပူးပေါင်းဆောင်ရွက်မှု၏စွမ်းအားကို ယုံကြည်ကြပါသည်။ စာဖတ်ခြင်းဖြင့် ရရှိလာသော
မြော်မြင်နိုင်စွမ်းသည် ပဋိပက္ခများကို ရှောင်ရှားစေပြီး ညီညွတ်သော နိုင်ငံတော်သစ်ကို
တည်ဆောက်ရာတွင် အဓိကကျောရိုးဖြစ်စေပါသည်။
စာပေယဉ်ကျေးမှုနှင့် အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး
မိမိတို့၏ဘိုးဘွားများ
ထိန်းသိမ်းခဲ့သော စာပေနှင့် ယဉ်ကျေးမှုများကို ဖတ်ရှုလေ့လာခြင်းသည် အမျိုးသားရေး စိတ်ဓာတ်ကို
နိုးကြားစေပါသည်။ မိမိတို့၏ ရိုးရာဓလေ့၊ ဘာသာစကားနှင့် သမိုင်း ဂုဏ်ရောင်များကို
စာပေမှတစ်ဆင့် သိရှိလာသောအခါ မိမိနိုင်ငံနှင့် လူမျိုးအပေါ် မြတ်နိုးတန်ဖိုးထား
စိတ်များ ပိုမိုခိုင်မာလာပါသည်။ စာပေသည် လူမျိုးတစ်မျိုး၏ ဝိညာဉ်ဖြစ်သဖြင့်
ထိုဝိညာဉ်ရှင်သန် နေသရွေ့ နိုင်ငံသည်လည်း ခံ့ညားထည်ဝါနေမည် ဖြစ်ပါသည်။
တီထွင်ဖန်တီးနိုင်စွမ်းနှင့် စာဖတ်ခြင်း၏ စေ့ဆော်မှု
ကမ္ဘာပေါ်ရှိ
ကျော်ကြားသော တီထွင်သူများနှင့် သိပ္ပံပညာရှင်ကြီးများသည် စာအုပ်များကို
အနီးကပ်ဆုံး သူငယ်ချင်းများအဖြစ် ထားရှိခဲ့ကြသူများဖြစ်သည်။ စာဖတ်ခြင်းသည်
ဦးနှောက်၏ လုပ်ဆောင်ချက်ကို လှုံ့ဆော်ပေးပြီး မတူညီသော ရှုထောင့်များမှ
တွေးတောနိုင်စွမ်း (Creative Thinking) ကို
ဖြစ်ပေါ်စေပါသည်။ အသစ် အသစ်သော စိတ်ကူးစိတ်သန်းများကို စာပေမှရရှိ နိုင်သဖြင့်
လူငယ်တို့၏ တီထွင်ဖန်တီးနိုင်စွမ်းသည် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုနှင့်
ဖွံ့ဖြိုးရေးအတွက် ကြီးမားသောအင်အားဖြစ်လာပါမည်။
စာဖတ်ခြင်းဖြင့် စရိုက်လက္ခဏာ ကောင်းမွန်အောင် ပြုပြင်ခြင်း
“စာအုပ်စာပေ
လူ့မိတ်ဆွေ” ဟူသော စကားအတိုင်း စာအုပ်ကောင်းများသည် လူငယ်တို့၏ စရိုက် လက္ခဏာကို
ပြုပြင်ပေးနိုင်သော မိတ်ဆွေကောင်းများဖြစ်ကြပါသည်။ ကောင်းမြတ်သော သူရဲကောင်းများ၊
စံပြပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ ကို ဖတ်ရှုခြင်းဖြင့် ၎င်းတို့၏
စိတ်ဓာတ်နှင့် ကျင့်ဝတ် များကို အတုယူလာစေပါသည်။ စာဖတ်ခြင်းက လူတစ်ဦးချင်းစီ၏
ကိုယ်ကျင့်တရားကို မြှင့်တင်ပေး ခြင်းဖြင့် အကျင့်ပျက်ခြစားမှုကင်းစင်သော လူ့အဖွဲ့
အစည်းကို ဖော်ဆောင်နိုင်ပါသည်။
အချိန်ကို အကျိုးရှိစွာ အသုံးချခြင်းနှင့် စာဖတ်သည့်အလေ့အထ
အချိန်သည်
လူတိုင်းအတွက် တန်းတူညီမျှရရှိထားသော ရတနာဖြစ်သော်လည်း ထိုအချိန်ကို အသုံးချပုံမှာ
ကွာခြားတတ်ပါသည်။ အချို့သောလူငယ်များသည် အနှစ်သာရမရှိသောကိစ္စရပ်များတွင်
အချိန်ဖြုန်းနေတတ်သော်လည်း စာဖတ်သော လူငယ်မှာမူ မိနစ်တိုင်းကို ဗဟုသုတအဖြစ်
ပြောင်းလဲ နေပါသည်။ စာဖတ်သည့်အလေ့အထကို ငယ်စဉ်ကတည်းက ပျိုးထောင်ထားခြင်းသည် ဘဝ တစ်လျှောက်လုံးအတွက်
တန်ဖိုးမဖြတ်နိုင်သော ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ပြုလုပ်နေခြင်းပင် ဖြစ်ပါသည်။
ပညာခေတ်၏ စိန်ခေါ်မှုများကို စာပေဖြင့် ရင်ဆိုင်ကျော်လွှားခြင်း
ယနေ့ခေတ်သည်
ပစ္စည်းဥစ္စာထက် အသိပညာ (Intellectual Property) က ပိုမိုတန်ဖိုးရှိသော ခေတ်ဖြစ်သည်။ ပညာခေတ်၏စိန်ခေါ်မှုများကို
ရင်ဆိုင်ရာတွင် လက်နက်ဖြင့်မဟုတ်ဘဲ အသိဉာဏ် ဖြင့်သာယှဉ်ပြိုင်ကြရပါသည်။
စာဖတ်ခြင်းမှရရှိသော အစွမ်းထက်သည့် ပညာရပ်များသည် လူငယ်များအား
မည်သည့်အခက်အခဲနှင့် စိန်ခေါ်မှုကိုမဆို ထိုးဖောက်ကျော်လွှားနိုင်သောသတ္တိနှင့်
စွမ်းရည်ကို ပေးစွမ်းနိုင်ပါသည်။
စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် လူထုပညာပေးမှု
စာကြည့်တိုက်များသည်
အတန်းပညာ သင်ကြားပေးသည့် ကျောင်းများကဲ့သို့ပင် အရေးကြီးသော အပြင်ပန်းပညာရေးဌာနများ
ဖြစ်ကြပါသည်။ လူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပဗဟုသုတများစွာကို
စာကြည့်တိုက်များတွင် ရှာဖွေနိုင်ပါသည်။ နိုင်ငံတော်က ခင်းကျင်း ပေးထားသော
ဤပညာခင်းကျင်းမှုများတွင် တက်ကြွစွာပါဝင်ခြင်းဖြင့် မိမိတို့၏အဆင့်အတန်းကို
မြှင့်တင်ရမည် ဖြစ်ပါသည်။
မိမိကိုယ်တိုင်တိုးတက်မှ နိုင်ငံတော် တိုးတက်မည်ဟူသော ခံယူချက်
နိုင်ငံတစ်နိုင်ငံ
တိုးတက်ရန်အတွက် နိုင်ငံသား တစ်ဦးချင်းစီ တိုးတက်ရန် လိုအပ်ပါသည်။ လူငယ်
တစ်ဦးစာဖတ်ခြင်းသည် ထိုလူငယ်၏ ဘဝကိုသာမက သူ၏မိသားစု၊ ပတ်ဝန်းကျင်နှင့်
တစ်နိုင်ငံလုံး၏ အသိပညာ အဆင့်အတန်းကို မြှင့်တင်ရာရောက်ပါ သည်။
“စာဖတ်သောလူမျိုးသည် တိုးတက်သည်” ဟူသော စကားရပ်နှင့်အညီ စာဖတ်ခြင်းဖြင့်
နိုင်ငံတော်ကို ဝိုင်းဝန်းမြှင့်တင်ကြရမည် ဖြစ်ပါသည်။
ဆိုရပါလျှင်
စာဖတ်ခြင်းသည် လူငယ်တစ်ဦး၏ ဘဝအတွက်သာမက နိုင်ငံရေရှည်တည်တံ့ခိုင်မြဲရေး အတွက်ပါ
မရှိမဖြစ်လိုအပ်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ စာဖတ်ခြင်းဖြင့် အမှားနှင့်အမှန်၊
အကြောင်းနှင့်အကျိုးကို ခွဲခြားသိမြင်လာခြင်းသည် လူငယ်များအား လမ်းမှားသို့
မရောက်ရှိစေရန် ကာကွယ်ပေးနိုင်သော အကောင်းဆုံးလက်နက်ဖြစ်ပါသည်။
နည်းပညာတိုးတက်မှုများကို အကျိုးရှိရှိ ပေါင်းစပ်လျက် နိုင်ငံတစ်ဝန်းရှိ
စာကြည့်တိုက်များကို မိမိတို့၏ အိမ်ဦးခန်းသဖွယ် သဘောထားကာ အသုံးချကြရမည်ဖြစ်သည်။
စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာမြင့်မားသော လူငယ်များရှိမှသာလျှင် နိုင်ငံသည်
ခေတ်မီဖွံ့ဖြိုးတိုးတက်သော၊ ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်သော နိုင်ငံတော်သစ်အဖြစ်
သို့ မုချမသွေ ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း
တိုက်တွန်းနှိုးဆော်ရေးသားလိုက်ရပါသည်။ ။
No comments