နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့် အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀)အတွင်း ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်း
ရန်ကုန် ဧပြီ ၂၇
နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် လမ်းညွှန် မှာကြားချက်များနှင့် အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀)အတွင်း ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ သာသနာရေးဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ) ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ အမြဲတမ်း အတွင်းဝန်၊ တာဝန်ရှိသူများ၊ ဦးစီးဌာနများနှင့် တက္ကသိုလ်တို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရသစ်အနေဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဟူသည့် ရည်ရွယ်ချက် လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် ထူးချွန်ထက်မြက်သည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်သည့် အသိပညာရှင်၊ အတတ် ပညာရှင်များစွာ လိုအပ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ဗလငါးတန် ပြည့်ဝနေကြရန်လိုအပ်ပါကြောင်း၊ ထို့ပြင် အသက်အရွယ်၊ အဆင့်အတန်းအလိုက် ရှိသင့်ရှိထိုက်သည့် အတွေးအခေါ်၊ အယူအဆ၊ စဉ်းစား ဆင်ခြင်သုံးသပ်နိုင်မှု၊ ဆင်ခြင်တုံတရား အစရှိသည့် အသိပညာများပါ ပြည့်စုံကြရမည်ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် အတတ်ပညာရော အသိပညာပါ ပြည့်စုံပြည့်ဝနေကြရန် လိုအပ်ပါကြောင်း။ အစိုးရအဖွဲ့အနေဖြင့် ရက်ပေါင်း (၁၀၀)အတွင်း ဆောင်ရွက်မည့် အစီအမံများကို ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အထိ သတ်မှတ် ဆောင်ရွက်လျက်ရှိပါကြောင်း။
ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် ပါရှိသော လမ်းညွှန်မှာကြားချက်များကို လုပ်ငန်းလမ်းညွှန်များ အဖြစ်ခံယူ၍ အလေးအနက်ထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အစိုးရ၏ရက် ၁၀၀ ကာလအတွင်း ဦးစားပေးဆောင် ရွက်သွားမည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက် အကောင်အထည် ဖော်မည့်လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကျရာကဏ္ဍများမှနေ၍ လိုက်ပါ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သာသနာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်သွားမည် ဖြစ်ပြီး ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့များ၏ အပြုသဘောဆောင်သော ဆောင်ရွက်မှုများအပေါ် အားပေးသွားမည် ဖြစ်ပါကြောင်း၊ သာသနာရေး ဆိုင်ရာမှုခင်းများ လျော့နည်း ကျဆင်းစေရေးအတွက် ဝိနည်း ဓိုရ်သင်တန်းများ ဖွင့်လှစ်ရေး၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေး၊ တိုင်းဒေသကြီး/ပြည်နယ် များ၌သာမက မြို့နယ်များ အားလုံးတွင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments