ပေါင်မြို့နယ်၌ ခရမ်းချဉ်သီးဈေးနှုန်း ပြန်လည်ကောင်းမွန်လာသဖြင့် ခရမ်းချဉ်သီးစိုက်တောင်သူများ အဆင်ပြေ



ပေါင် ဧပြီ ၁၉

 

မွန်ပြည်နယ် ပေါင်မြို့နယ်၌ ဆန်စပါးအပြင် ရာသီအလိုက် ကာလတို/ကာလရှည် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီး ဈေးနှုန်းပြန်လည်ကောင်းမွန်လာသဖြင့် ခရမ်းချဉ်သီးစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ကျုံကကျေးရွာမှ တောင်သူတစ်ဦးထံမှ သိရသည်။ ခရမ်းချဉ်သီးသည် ပျိုးထောင်အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ကြောင်း၊ စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ် မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း သိရသည်။

 

ခရမ်းချဉ်ပင်စိုက်ပျိုးပြီး ၄၅ ရက်တွင် အသီးများ စတင်ခူးဆွတ်ရကြောင်း၊ နှစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါးဝင်ငွေရသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ပေါင်မြို့နယ်တွင် စီးပွားဖြစ် ခရမ်းချဉ်သီးနှံစိုက်ပျိုးသူများအနေဖြင့် သဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်း ဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားရကြောင်း၊ ရေသွင်းရေထုတ် ကောင်းမွန်စေရန်အတွက် မြေပေါင်များပြုလုပ်၍ ရေအလေအလွင့် နည်းပါးစေရန်နှင့် ပေါင်းမြက်များပေါက်ရောက်မှု သက်သာစေရန်အတွက် ပလတ်စတစ် အပါးစများခင်း၍ စိုက်ပျိုးပါက အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်းကောင်းမွန်ကြောင်းနှင့် ခရမ်းချဉ်စိုက်ပျိုးခြင်းသည် ကျွမ်းကျင်မှုရှိပါက အကျိုးအမြတ်များသော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။

 

မွန်မလေး(ပြန်/ဆက်)

No comments

Powered by Blogger.