အာဖဂန်ယခင်အစိုးရအဖွဲ့တာဝန်ရှိသူ ၁၃၀၀ ကျော် နေရပ်ပြန်လည်ရောက်ရှိ
ဧပြီ ၁၀
နိုင်ငံပြင်ပတွင်နေထိုင်နေသူများကို တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ကူညီရန် လှုံ့ဆော်သည့် အမျိုးသားရေးအစီအစဉ်တစ်ခုအဖြစ် လွန်ခဲ့သော လေးနှစ်အတွင်း ယခင်အစိုးရတာဝန်ရှိသူများနှင့် နာမည်ကြီးပုဂ္ဂိုလ်များ ၁၃၀၀ ကျော်သည် အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်ဟု ဒေသခံမီဒီယာ တိုလိုသတင်းဌာနက ယမန်နေ့ကဖော်ပြထားသည်။
တိုလိုသတင်းဌာန၏ပြောကြားချက်အရ အာဖဂန်ပုဂ္ဂိုလ်များဆက်သွယ်ရေးနှင့် ပြန်လည်ဝင်ရောက်ရေး ကော်မရှင်သည် နေရပ်ပြန်လိုသူများအား ထောက်ပံ့ပို့ဆောင်ရေးနှင့် လမ်းညွှန်မှုများကို ပံ့ပိုးပေးလျက်ရှိပြီး နေရပ်ပြန်ရန် လွယ်ကူချောမွေ့စေသည့် အဓိကအချက်သည် နေရပ်ပြန်လာသူများအတွက်ထားရှိထားသော အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြစ်ပြီး စိုးရိမ်မှုများကို လျှော့ချပေးရန်နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် သဟဇာတဖြစ်သော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန် ရည်ရွယ်ထားသည်ဟု သိရသည်။
ထိုကော်မရှင်သည် မကြာသေးမီက ၎င်း၏ လက်ရှိကြိုးပမ်းမှုများကို ပြန်လည်သုံးသပ်ပြီး နေရပ်ပြန်ရေး လုပ်ငန်းစဉ်ကို ပိုမိုချောမွေ့စေရန် နည်းလမ်းများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူများက လူငယ်ပညာရှင်များနှင့် ဒေသခံခေါင်းဆောင်များကိုပါ ထည့်သွင်းပါက ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်ကို ပိုမိုတိုးတက်စေနိုင်ပြီး နိုင်ငံပြန်လည်ထူထောင်ရေး အစီအစဉ်များတွင် ထိရောက်စွာလမ်းညွှန်အသုံးချနိုင်မည်ဟု မှတ်ချက်ပြုထားကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
.jpg)
No comments