သရောင်းချောင်းမျိုးသန့်ခြံ၌ တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော စပါးမျိုးရွေးချယ်ပွဲ ကျင်းပ
ပုသိမ် ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့ သရောင်းချောင်းမျိုးသန့်ခြံ၌ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာဌာနခွဲနှင့် စိုက်ပျိုးရေး ဦးစီးဌာန (မျိုးစေ့ဌာနခွဲ)တို့ ပူးပေါင်းဆောင်ရွက်သည့် အပင် ဇီဝနည်းပညာဗဟိုဌာနမှ စမ်းသပ် ထုတ်လုပ်ထားသော သက်တမ်း ဘေးကြားတောင်ပျံမျိုး (၄)လိုင်း နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ စမ်းသပ်ထုတ်ထားသော ရေဆင်းပေါ်ဆန်း(၁)၊ ရေဆင်း ပေါ်ဆန်း(၂)နှင့် Sister Lines (8)လိုင်းတို့ကို ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီမှု ရှိ၊ မရှိ စမ်းသပ်ထားသော မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်၌ တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သည့် မျိုးရွေးချယ်ပွဲကို ဧပြီ ၂၁ ရက်က ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝမ်း နှင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ အပင်ဇီဝ နည်းပညာဗဟိုဌာနမှ တာဝန်ရှိသူများနှင့် ခြံတာဝန်ခံတို့ က စမ်းသပ်ကွက် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနား တက်ရောက်ကြသူများအားလုံး ပူးပေါင်း၍ စမ်းသပ်ထုတ်လုပ်ထားသော ရာသီမရွေးစိုက်ပျိုးနိုင်သည့် ပေါ်ဆန်းမျိုးလိုင်းများ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေကို ကြည့်ရှု လေ့လာသုံးသပ်၍ မျိုးရွေးချယ် ခြင်းလုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မေချို

No comments