မန္တလေးတိုင်းဒေသကြီးရှိ သာစည် ၄၀ မဂ္ဂါဝပ်နှင့် သပြေဝ ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်ပွဲကျင်းပ



နေပြည်တော် ဧပြီ ၂၉

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ရှိ Leader Power Co., Ltd မှ တည်ဆောက်သော သာစည် ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် မိတ္ထီလာမြို့နယ်ရှိ Hanzar Solar Energy Co., Ltd မှ တည်ဆောက်သောသပြေဝ ၄၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

ဦးစွာ အဆိုပါစက်ရုံရှေ့ ဖွင့်ပွဲမုခ်ဦးနေရာ၌ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်နှင့် Asia World Co., Ltd.မှ တာဝန် ရှိသူတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။


 

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ဓာတ်အားပေး စက်ရုံ ကမ္ပည်း‌မော်ကွန်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ကမ္ပည်း‌မော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံ Control Room အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုပြီးစီးသည့် စီမံကိန်းနှစ်ခုသည် တစ်နှစ်လျှင် ကီလိုဝပ် နာရီသန်းပေါင်း ၂၀၂ သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အိမ်ထောင်စု ပေါင်း ၁၃၀၀၀၀ ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ မကြာမီတွင် ဆောင်ရွက်ဆဲ ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ပြီးမြောက်မည်ဖြစ်ကြောင်း၊ စက်ရုံအမြန်ပြီးစီးနိုင်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လိုအပ်သော ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း။

 

နိုင်ငံတော်အတွက် ဓာတ်အားထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်နေသည့် စီမံကိန်းများသည် နှောင့်နှေး ကြန့်ကြာမှုများရှိနေပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လည်ပတ်လျက်ရှိသည့် စက်ရုံများ အနက်မှ အချို့သည်လည်း ဖျက်ဆီးမှုများခံခဲ့ရသည့်အတွက် ဓာတ်အားထုတ်လုပ်မှုများ လျော့နည်းလျက်ရှိပါကြောင်း၊ ပို့လွှတ်မှုအပိုင်းတွင်လည်း ဝေးလံသည့်ခရီးတစ်လျှောက် ပို့လွှတ်ရသဖြင့် ဓာတ်အားများ လျော့နည်းဆုံးရှုံးသကဲ့သို့ သဘာဝဘေးဒဏ်နှင့် လူတို့၏ ဖျက်ဆီးခြင်း ခံရသဖြင့် အချို့ဓာတ်အားလိုင်းကြီးများ ပျက်စီးလျက်ရှိပါကြောင်း၊ ယင်းအတွက်ကြောင့် ကောင်းမွန်သည့် ဓာတ်အားလိုင်းကြီးများသည် ဝန်ပိုများ ထမ်းဆောင်နေရသဖြင့် မကြာခဏ System Break Down ဖြစ်၍ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပါကြောင်း၊ ဖြန့်ဖြူးမှုအပိုင်းတွင်လည်း ဖြန့်ဖြူး သည့် နည်းစနစ်၏ အားနည်းမှုနှင့် မသမာမှုများကြောင့် ဓာတ်အားလျော့နည်းပျောက်ဆုံးမှုများ ရှိနေပါကြောင်း၊ ယင်းသို့အားနည်းချက်များ ရှိနေသည့်အတွက် ဓာတ်အားသုံးစွဲသူ ပြည်သူများ အနေဖြင့် ဓာတ်အားကို မျှဝေသုံးစွဲနေရပါကြောင်း၊ ယင်းသို့လျှပ်စစ်ဓာတ်အားစနစ်၏ အားနည်းချက်များကို ပြုပြင်နိုင်ရန်အတွက် ရေတိုရေရှည်အစီအမံများချမှတ်၍ ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ ဖြန့်ဖြူးရေးအပိုင်းတွင် ဖြစ်ပေါ်နေသည့် အားနည်းချက်များကိုလည်း နည်းပညာဖြင့် ထိန်းကျောင်းခြင်း အပါအဝင် စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ကျေးဇူးတင်စကား ပြောကြား

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စက်ရုံများ တည်ဆောက်ခဲ့မှု Documentary Movie ကို ကြည့်ရှုပြီး ဓာတ်အားပေးစက်ရုံ ဧရိယာ အတွင်း လှည့်လည်စစ်ဆေးကာ ရှုရပ်မှနေ၍ ဆိုလာများ တပ်ဆင်ထားမှုအခြေအနေကို ကြည့်ရှုကြသည်။

 

ဆက်လက်၍ ရွှေစွမ်းအင် ကုမ္ပဏီလီမိတက်မှ ထပ်မံအကောင်အထည်ဖော် တည်ဆောက်လျက်ရှိ သော ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်း တည်ဆောက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.