အာဖဂန်နစ္စတန်နိုင်ငံ၌မော်တော်ယာဉ်တစ်စီး ရေကာတာအတွင်းသို့ ထိုးကျသွားသဖြင့် နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရရှိ
ဧပြီ
၂၄
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း
ဘာဒါရှန်ပြည်နယ်ရှိ မော်တော်ယာဉ်တစ်စီးသည် လမ်းမှ ကွေ့ထွက်ပြီး ရေကာတာအတွင်း ထိုးကျသွားပြီးနောက်
ခရီးသွားနှစ်ဦးထက်မနည်း သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲအရာရှိတစ်ဦးက
ဧပြီ ၂၂ ရက်နေ့ညနေပိုင်းတွင် ပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုသည်
ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ရှာရီဘူဇူးခရိုင်၏ ဆင်ခြေဖုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အီဆန်နူလာ ကမ်ဂါက ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူအားလုံးကို
အနီးနားရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မတော်တဆမှုဖြစ်ပွားသည့် တိကျသောအကြောင်းရင်းကို
အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ကမ်ဂါက ထပ်လောင်းပြောကြားခဲ့သည်။
တာဂျစ်ကစ္စတန်နှင့်
နယ်နိမိတ်ချင်းထိစပ်နေသော တောင်တန်းပြည်နယ် ဘာဒါရှန်တွင် လမ်းအခြေခံအဆောက်အအုံညံ့ဖျင်းမှု၊
မတ်စောက်သော မြေပြင်အနေအထားနှင့် ရာသီဥတုအခြေအနေ စိန်ခေါ်မှုများကြောင့် ယာဉ်မတော်တဆမှုများ
ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments