စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် မြေဩဇာများရရှိရေး အစည်းအဝေးကျင်းပ


 

နေပြည်တော် ဧပြီ ၁

 

စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာ ရရှိရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လင်းဒွေး၊ ကော်မရှင် အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလက်ရှိအချိန်၌ ဖြစ်ပွားလျက်ရှိသည့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စက်သုံးဆီများရှားပါးမှုကို ကမ္ဘာနှင့်တစ်ဝန်းတွင် ကြုံတွေ့နေရပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း အဆိုပါအခက်အခဲကို ကျော်လွှားဖြေရှင်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူပြည်တွင်းစက်သုံးဆီသုံးစွဲမှုများကို လျှော့ချနိုင်ရန်အတွက် မကြာမီကာလက မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များသုံးစွဲမှုနှင့် ဆီဖြည့်သွင်းမှုကို စုံ/မ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ခြင်း၊ QR Code များအသုံးပြု၍ ဆီဖြည့်ခြင်းစနစ်များကို ဆောင်ရွက် ခဲ့ကြောင်း၊ အလားတူစက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရေးအတွက် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံး ဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာ ဆောင်ရွက်ကြရန် ထုတ်ပြန်ကြေညာထားပြီးဖြစ်သဖြင့် စက်သုံးဆီသုံးစွဲမှုကို တတ်နိုင်သမျှလျှော့ချလာနိုင်ပြီ ဖြစ်ကြောင်း။

 

စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှုများအလိုက် ကုန်ဈေးနှုန်းများ လည်း မြင့်တက်လာနိုင်ကြောင်း၊ ထို့ကြောင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အတွက် အဓိကလိုအပ်သည့် ဒီဇယ်ဆီများကို သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သယ်ယူပို့ဆောင်မှုများကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာမှုမရှိစေရေးအတွက် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် မီးရထားဖြင့် ပို့ဆောင်မှုများကို အဓိကထားအသုံးပြု၍ ကုန်စည်များကို သယ်ယူပို့ဆောင်သွားကြရန် လိုကြောင်း။

 

အလားတူ ယခုကာလအတွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည်နှင့်အတူ ဒေါ်လာ ဈေးနှုန်းများလည်း အနည်းငယ် မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ ဒေါ်လာဈေးများ မြင့်တက်လာခြင်းမှာ စက်သုံးဆီများအပါအဝင် အခြားပြည်ပ သွင်းကုန်တန်ဖိုးများ မြင့်မား လာခြင်းကြောင့် ငွေကြေးပမာဏ ပိုမိုသုံးစွဲရပြီးဒေါ်လာဈေးများ မြင့်မားလာခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်တွင်းကုန်ဈေးနှုန်းများမြင့်တက်လာမှု မရှိစေရေးအတွက် ဝင်ငွေနည်းပါးသည့် ပြည်သူများနှင့် ဝန်ထမ်းများအတွက် အဓိကထားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်သုံးဆီ ဈေးများ မြင့်တက်မှုမရှိစေရေးအတွက် ပြည်ပမှစက်သုံးဆီများ တင်သွင်းရာတွင် ကောက်ခံလျက် ရှိသည့် အခွန်အခများ လျှော့ပေါ့ပေးနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ စက်သုံးဆီများတင်သွင်းရာတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အဓိက အသုံးပြုလျက်ရှိသော ဒီဇယ်ဆီများအတွက် ဦးစားပေးဆောင်ရွက်သွားရန်လိုကြောင်း။

 

ယခုကာလသည် ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် လေအေးပေး စက်များကို ပိုမိုအသုံးပြုလာကြကြောင်း၊ ထိုသို့အသုံးပြုရာတွင် လျှပ်စစ်ဓာတ်အားကို အသုံးပြုမှုများ များပြားလာသကဲ့သို့ မီးစက်များအသုံးပြု၍လည်း ဆောင်ရွက်ကြကြောင်း၊ လျှပ်စစ်ဓာတ်အားကို ချွေတာရန် လိုအပ်သကဲ့သို့ မီးစက်သုံးဆီ သုံးစွဲခြင်းများနှင့် မော်တော်ယာဉ်အသုံးပြုမှုများကိုလည်း လျှော့ချသွားရန်လိုကြောင်း၊ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ပါက တစ်ဖက်မှလည်း နိုင်ငံခြားငွေ သုံးစွဲမှုများကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း၊ စက်သုံးဆီများကို လျှော့ချနိုင်ရန်အတွက် EV ကား တင်သွင်းမှုများကို ဆောင်ရွက်ရာတွင် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံ၍ EV ကားများ ပြန်လည် တင်သွင်းသည့်စနစ်ဖြင့် ဆောင်ရွက်သွားနိုင်ရန်လို ကြောင်း။

 

ရထားပို့ဆောင်ရေးစနစ်သည် ကုန်စည်များ သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်များ သက်သာ စေခြင်းကြောင့် ကုန်တင်ရထားများ တိုးချဲ့ပြေးဆွဲသွားရန်လိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရထားဖြင့် ကုန်စည်များသယ်ယူပို့ဆောင်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်သွားကြရန်လိုကြောင်း။

 

စိုက်ပျိုးရေးလုပ်ငန်းများအတွက် သွင်းအားစုများဖြစ်သည့် ရေနှင့် ဓာတ်မြေဩဇာများ လိုအပ်သကဲ့သို့ လယ်ထွန်စက်များနှင့် ရေတင်စက်များအတွက်လည်း စက်သုံးဆီများ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရေတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ ဓာတ်မြေဩဇာဈေနှုန်းများ မြင့်တက် လာမှုကြောင့် ဓာတ်မြေဩဇာသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် သဘာဝဓာတ်မြေဩဇာများကို ပိုမိုသုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မဖြစ်မနေ လိုအပ်သည့် ဓာတ်မြေဩဇာများကို စိုက်ပျိုးရေးတောင်သူများ လက်ဝယ်သို့ ဈေးနှုန်းသက်သာစွာဖြင့် ရောက်ရှိစေရေးအတွက် ထောက်ပံ့ပေးခြင်းနှင့် အခွန်အခကောက်ခံခြင်းများကို တတ်နိုင်သမျှ လျှော့ချပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏ စားရေရိက္ခာ ဖူလုံရေးအတွက် အဓိကထား ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

 

ပြည်တွင်းစားသုံးဆီ လိုအပ်ချက်အရ ပြည်ပမှ နှစ်စဉ်တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာ သုံးစွဲရလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအတွင်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် ဆီထွက်သီးနှံများဖြစ်သော နေကြာ၊ ပဲပုပ်နှင့် နှမ်းတို့ကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဓိကအားဖြင့် နေကြာစိုက်ပျိုးထုတ်လုပ်ခြင်းကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတောင်သူများအတွက် လိုအပ်လျက်ရှိသည့် ဓာတ်မြေဩဇာများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူး ပေးသွားရန်လိုကြောင်း၊ နိုင်ငံတော်အပိုင်းမှ တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသလို တောင်သူများဘက်ကလည်း အတတ်နိုင်ဆုံး ကုန်ထုတ်လုပ်မှုများ ပြုလုပ်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသူများက ပြည်တွင်းစက်သုံးဆီရှားပါးမှုအခက်အခဲကို ဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် ပြည်ပနိုင်ငံများမှစက်သုံးဆီများ ဝယ်ယူရရှိနိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဖြစ်သည့် မီးရထား၊ သင်္ဘောနှင့် ဘတ်စ်ကားယာဉ်များအတွက် လိုအပ်သည့် စက်မောင်းဆီများကို လုံလောက်စွာရရှိရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေးဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက်နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေး မှာကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.