လောင်စာဆီဈေးနှုန်းမြင့်မားမှုကြောင့် ဂျာမန်လေကြောင်းလိုင်း Lufthansa ခရီးစဉ် ၂၀၀၀၀ လျှော့ချမည်
ဧပြီ ၂၃
ဂျာမန်လေကြောင်းလိုင်း Lufthansa Group က အီရန်ပဋိပက္ခကြောင့် လောင်စာဆီဈေးနှုန်းမြင့်မားမှုကို ထောက်ပြကာ အောက်တိုဘာလအထိ လေကြောင်းခရီးစဉ် ၂၀၀၀၀ လျှော့ချမည်ဟု ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့က အကျိုးအမြတ်မရသော ခရီးတိုပျံသန်းမှုအရေအတွက်ကို လျှော့ချမည်ဟု ဆိုသည်။ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ဂျက်လေယာဉ်လောင်စာဆီဈေးနှုန်း နှစ်ဆတိုးလာသည်ဟု ၎င်းက ထောက်ပြခဲ့သည်။
ဧပြီလ ၂၀ ရက်မှ မေလကုန်ပိုင်းအထိ ဖရန့်ဖတ်မှ ပိုလန်နှင့် နော်ဝေနိုင်ငံရှိ အချို့သောမြို့များသို့ ပျံသန်းသည့် လမ်းကြောင်းများ အပါအဝင် နေ့စဉ်ပျံသန်းခရီးစဉ် ၁၂၀ ကို ဖျက်သိမ်းမည်ဟု အဆိုပါအဖွဲ့က ပြောကြားခဲ့သည်။
ဧပြီလနှောင်းပိုင်း သို့မဟုတ် မေလဆန်းတွင် အစီအစဉ်အသစ်ကို ကြေညာမည်ဖြစ်ကြောင်းကိုလည်း ၎င်းအဖွဲ့ကပြောကြားခဲ့သည်။
လေယာဉ်ခရီးစဉ် ၂၀၀၀၀ လျှော့ချခြင်းဖြင့် လောင်စာဆီတန်ချိန် ၄၀၀၀၀ ခန့် ချွေတာနိုင်မည်ဟု Lufthansa က ဆိုသည်။
စကင်ဒီနေးဗီးယား၏ SAS လေကြောင်းလိုင်းက လောင်စာဆီဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်းကြောင့် ဧပြီလတွင် ခရီးစဉ် ၁၀၀၀ ခန့် ဖျက်သိမ်းမည်ဟု အစောပိုင်းက ပြောကြားခဲ့ကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို

No comments