တောင်ငူမြို့နယ်၌ စားအုန်းဆီရောင်းချနေမှုများ ကြပ်မတ်ကြည့်ရှုစစ်ဆေး
တောင်ငူ မေ ၂၄
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ပေါ်ရပ်ကွက်များရှိ စားအုန်းဆီ အရောင်းဆိုင်များ၌ သတ်မှတ်ပမာဏအတိုင်း မှန်ကန်စွာရောင်းချမှု ရှိ/မရှိ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လိုက်လံကြပ်မတ် ကြည့်ရှုစစ်ဆေးသည်။
ပဲခူးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး အဖွဲ့ (အတွင်းရေးမှူး) တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်သည် တောင်ငူခရိုင် စားသုံးသူရေးရာ ဦးစီးဌာနရုံး၌ တောင်ငူခရိုင်အတွင်းရှိ စားအုန်းဆီ လက်ကား/ လက်လီကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ပြည်သူများအား စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏအတိုင်း မှန်ကန်စွာရောင်းချရေး၊ သတ်မှတ်စည်းကမ်း အတိုင်းရောင်းချကြရန် ပြောကြားသည်။
တောင်ငူခရိုင်တွင် ရပ်ကွက်/ကျေးရွာ ၂၈၆ အုပ်စု၊ အိမ်ထောင်စု ဦးရေ ၁၈၀၀၀၀ ခန့်အား လစဉ် စားအုန်းဆီ ၃၂၂၈ ပီပါကို လက်ကား ကိုယ်စားလှယ်ခြောက်ဦး၊ လက်လီဆိုင်ခွဲပေါင်း ၁၃၀ တို့ဖြင့် ပြည်သူများထံသို့ ဖြန့်ဖြူးပေးလျက်ရှိပြီး တောင်ငူမြို့နယ်အနေဖြင့် တစ်လလျှင် ၉၈၅ ပီပါ ခွဲတမ်းရရှိကာ ရပ်ကွက်/ကျေးရွာ ၆၄ ခုတွင် အိမ်ထောင်စု တစ်စုလျှင် ၁ ဒသမ ၅ ပိဿာနှုန်း၊ အိမ်ထောင်စုဦးရေ ၆၅၀၀၀ ခန့်နှင့် နိုင်ငံ့ဝန်ထမ်းများကိုပါ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို(တောင်ငူ)

No comments