အာဖဂန်နစ္စတန်အရှေ့ပိုင်းတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျမှု သုံးဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရရှိ



မေ ၁၉

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် ယမန်နေ့ညနေပိုင်းက နေအိမ်ပြိုကျမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးအပါအဝင် လူသုံးဦးသေဆုံးပြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရရုံးက ယနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် အာချင်ခရိုင် အဗ္ဗဒူလ်ခါလ်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လုံခြုံရေးဝန်ထမ်းများနှင့် ဒေသခံများသည် နေအိမ်အပျက်အစီးများအောက်မှ သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း  ထိုရုံး၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။ အပျက်အစီးများကြားမှ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အရေးပေါ်ကုသမှုခံယူရန် အနီးနားရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် ဧပြီလတစ်လတည်းမှာပင် မိုးသည်းထန်စွာရွာသွန်းမှု၊ ရုတ်တရက်ရေကြီးမှုနှင့် ပြင်းထန်သောမုန်တိုင်းများကြောင့် အမျိုးသမီးနှင့်ကလေးများအပါအဝင် လူ ၂၀၀ ကျော်သေဆုံးခဲ့ပြီး ၂၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တရားဝင်စာရင်းဇယားများဖော်ပြချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.