နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစား ကြီးမားသောပတ္တမြားကြီးအား ကြည့်ရှု



ယခုရှာဖွေတွေ့ရှိခဲ့သော ပတ္တမြားသည် အလေးချိန် ၂၂၀၀ ဂရမ် (၁၁၀၀၀ ကရက်) ရှိ

 

နေပြည်တော် မေ ၇

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကျင်းပပြီး ပြည်သူများ၏ဆန္ဒနှင့်အညီ ဆန္ဒမဲပေးရွေးချယ်ခဲ့သည့် ဒီမိုကရေစီ အစိုးရအဖွဲ့ တာဝန်ယူပြီးနောက် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်ကူးကာလ လွန်မြောက်သော အချိန်အခါသမယတွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်ရတနာမြေမှ ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် ပတ္တမြားတစ်ပွင့် ရှာဖွေတွေ့ရှိခဲ့သည်။

 

ကြည့်ရှုစစ်ဆေး

အဆိုပါ ပတ္တမြားကြီးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးတို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော် ဧည့်ခန်းမဆောင်၌ ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ပတ္တမြားကြီး၏ အချက်အလက်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများအား ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ပတ္တမြားကြီးအား ကြည့်ရှုကြသည်။




 

ယခုရှာဖွေတွေ့ရှိခဲ့သော ပတ္တမြားသည် အလေးချိန် ၂၂၀၀ ဂရမ် (၁၁၀၀၀ ကရက်) ရှိသဖြင့် အရွယ်အစားကြီးမားသောကြောင့် ရှာဖွေတွေ့ရှိရန်ခက်ခဲပြီး ရှားပါးကြောင်း၊ ပတ္တမြားကြီးအနေဖြင့် ခရမ်းရောင်သမ်းသော အနီရောင်တွင် အဝါရိပ် ဖောက်သောအရောင်ရှိပြီး အရောင်အဆင့်အတန်း အားဖြင့် ကောင်းမွန်ကြောင်း၊ အလင်းပေါက်အား သင့်တင့်ပြီးဖန်ရောင်လက်ကောင်းမွန်ကာ ပြုပြင် ထားခြင်းမရှိသော သဘာဝအတိုင်းရှိသည့် ပတ္တမြားကြီးဖြစ်ကြောင်း သိရှိရသည်။

 

ယခင်က မိမိတို့နိုင်ငံတွင် ရှားပါးပြီးတန်ဖိုးရှိသည့် ၁၉၉၀ ပြည့်နှစ်တွင် ရရှိခဲ့သော အလေးချိန် ၉၉ ဒသမ ၂၅ ဂရမ်(၄၉၆ ဒသမ ၂၅ ကရက်) ရှိ နဝတ ပတ္တမြား၊ ၁၉၉၆ ခုနှစ်တွင် ရရှိခဲ့သော အလေးချိန် ၄၂၉၀ ဂရမ်(၂၁၄၅၀ ကရက်) ရှိ ပတ္တမြားနှင့် ၂၀၂၂ ခုနှစ်တွင် ရရှိခဲ့သော အလေးချိန် ၅၅၇ ဒသမ ၈၅ ဂရမ်(၂၇၈၉ ဒသမ ၂၅ ကရက်) ရှိ နစက ပတ္တမြား တို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယခုပတ္တမြား အပါအဝင် ပတ္တမြားလေးပွင့်လုံးသည် မန္တလေးတိုင်းဒေသကြီး မိုးကုတ်ဒေသမှ ထွက်ရှိပြီး သက်ဆိုင်ရာ ပတ္တမြား တစ်ပွင့်ချင်းအလိုက် ဂုဏ်သတ္တိ ထူးခြားချက်များရှိသောကြောင့် အလွန်တန်ဖိုးရှိသည့် ပတ္တမြားများ ဖြစ်ကြကြောင်း၊ ၁၉၉၆ ခုနှစ်တွင် ရရှိခဲ့သော ပတ္တမြားသည် အလေးချိန်အားဖြင့် အများဆုံးဖြစ်သော်လည်း အရောင်နှင့် အရည်အသွေးနှိုင်းယှဉ်ပါက ယခုနောက်ဆုံးတွေ့ရှိခဲ့သော ပတ္တမြားသည် အရောင်နှင့် အရည်အသွေးပိုမိုကောင်းမွန်သောကြောင့် တန်ဖိုးပိုမိုမြင့်မားကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.