စက်သုံးဆီဈေးမြင့်တက်မှုကြောင့် နယူးဇီလန်တွင် လေကြောင်းခရီးစဉ်များ ဖျက်သိမ်း



ဝယ်လင်တန် မေ ၁


အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ဂျက်လေယာဉ်ဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နေသဖြင့် နယူးဇီလန် လေကြောင်းလိုင်းက ပြည်တွင်းလေကြောင်းခရီးစဉ်များကို ယာယီဖျက်သိမ်းထားကြောင်း ကြေညာခဲ့သည်။


ယင်းကဲ့သို့ ခရီးစဉ်လျှော့ချခြင်းသည် ဇွန် ၂၉ ရက်မှ ဇူလိုင် ၂၆ ရက်အတွင်း အော့ကလန်၊ ဝယ်လင်တန်နှင့် ခရစ်ချချ် စသည့် မြို့ကြီး များမှ အဓိကလေဆိပ်များသို့ ပြေးဆွဲမည့် လမ်းကြောင်းများအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ဧပြီ ၃၀ ရက်တွင် ရေဒီယိုနယူးဇီလန် က ဖော်ပြခဲ့သည်။


အဆိုပါကာလအတွင်း လေယာဉ်ခရီးစဉ်ပေါင်း ၇၀ ခန့် လျှော့ချ ပျံသန်းမည်ဖြစ်ပြီး စက်သုံးဆီထောက်ပံ့မှုခက်ခဲချိန်တွင် မူလဖျက်သိမ်း ထားရသည့် ခရီးစဉ်စုစုပေါင်းမှာ ၂၆၆ ခုရှိကြောင်း နယ်လ်ဆင်မြို့တော်ဝန် နစ်ခ်စမစ်က ပြောကြားခဲ့သည်။


ဒေသတွင်း လေကြောင်းဆက်သွယ်မှုသည် နယူးဇီလန်နိုင်ငံ၏ လူမှုစီးပွားဘဝများအတွက် အဓိက အသက်သွေးကြော လမ်းကြောင်းဖြစ်ပြီး လက်ရှိတွင် လေကြောင်းလုပ်ငန်းသည် ဖိအားများကြုံတွေ့နေရသည်။ အဓိကအရေးကြီး လေကြောင်းလမ်းကြောင်းအချို့၌ အခက်အခဲများ ကြုံတွေ့နေရသည်ဟု တွဲဖက်သယ်ယူပို့ဆောင်ရေးဝန်ကြီး ဂျိမ်းစ် မီဂါက ပြောကြားသည်။

ဆင်ဟွာ

No comments

Powered by Blogger.