အိန္ဒိယနိုင်ငံအနောက်တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခြောက်ဦးသေဆုံး



မေ ၁၃

အိန္ဒိယနိုင်ငံအနောက်တောင်ပိုင်း မဟာရပ်ရှထရာပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပွားခဲ့ရာ ၎င်းတို့ခိုလှုံရာအဆောက်အအုံ ရုတ်တရက်ပြိုကျမှုကြောင့် ခြောက်ဦးထက်မနည်းသေဆုံးပြီး တစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ယနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည်  ထိုပြည်နယ်၏ ဆန်ဂလီခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများသည် ဒေသတွင်းဘာသာရေးပွဲတော်တစ်ခုတွင် ဘုရားကျောင်းသို့ သွားရောက် လည်ပတ်သော ဘုရားဖူး ၃၅၀ နီးပါးတွင် ပါဝင်ခဲ့သည်ဟု သိရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သဖြင့် ၎င်းတို့သည် ဆောက်လုပ်ဆဲအဆောက်အအုံတစ်ခုအတွင်း ခိုလှုံခဲ့ကြကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် သံဖြူတဲများနှင့် နံရံများပြိုကျမှုဖြစ်ပွားခဲ့ရာ ၎င်းတို့အပေါ်ပိတ်မိခဲ့ကြောင်း ဖော်ပြထားသည်။


ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီးနောက် ရုပ်အလောင်း ခြောက်လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ဒေသခံဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.