ကနေဒါနိုင်ငံ၌ ပထမဆုံး ဟန်တာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွား
မေ ၁၈
ကနေဒါပြည်သူ့ကျန်းမာရေးအေဂျင်စီ ပီအိတ်ချ်အေစီ(PHAC) က ဗြိတိသျှကိုလံဘီယာတွင် ဓာတ်ခွဲခန်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် လက်ရှိတွင် သီးခြားခွဲထားရှိသော အပျော်စီးသင်္ဘောခရီးသည်တစ်ဦးတွင် ဟန်တာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားကြောင်း အတည်ပြု ဖော်ပြထားသည်။
ဗြိတိသျှကိုလံဘီယာမှ နမူနာများကို အတည်ပြုစစ်ဆေးမှုအတွက် ဝင်းနီပက်မြို့ရှိ ထိုအေဂျင်စီ၏ အမျိုးသားအဏုဇီဝဗေဒဓာတ်ခွဲခန်း (NML) သို့ ပေးပို့ခဲ့ကြောင်း ယမန်နေ့က ကြေညာချက်တစ်စောင်တွင် ပီအိတ်ချ်အေစီက ပြောကြားခဲ့သည်။
အဆိုပါအေဂျင်စီ၏ပြောကြားချက်အရ လူတစ်ဦး၏ နမူနာတွင် ဟန်တာဗိုင်းရပ်စ်ပိုးရှိကြောင်း မေ ၁၆ ရက်က အတည်ပြုခဲ့သည်။ ထိုအတည်ပြုလူနာ၏ ခရီးသွားဖော်တစ်ဦးမှာ ဗိုင်းရပ်စ်ကူးစက်မှုမရှိကြောင်း အတည်ပြုခဲ့သည်။
အတည်ပြုလူနာနှင့်ထိတွေ့မှုရှိသူအားလုံးကို သီးခြားခွဲထားပြီး ဒေသခံပြည်သူ့ကျန်းမာရေး အာဏာပိုင်များက အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပီအိတ်ချ်အေစီက ပြောကြားခဲ့သည်။
ထိုကူးစက်မှုသည် ဝင်ရိုးစွန်းစူးစမ်းလေ့လာရေးသင်္ဘော MV Hondius ပေါ်တွင် ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ သေဆုံးသူသုံးဦးရှိကြောင်း ဖော်ပြထားသည်။ ဟန်တာဗိုင်းရပ်စ် ပေါက်ပွားသည့်ကာလသည် ယေဘုယျအားဖြင့် သီတင်းပတ်တစ်ပတ်မှ ရှစ်ပတ်အထိ ကြာမြင့်တတ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments