နမ့်စန်မြို့နယ်၌ ကျေးရွာမြေငှားဂရန်ပြုလုပ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

 


နမ့်စန်(တ) မေ ၆

 

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် အမှတ်(၅)ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ချပေးရေးအတွက် ရက်(၁၀၀)စီမံချက်ဖြင့် မြေတိုင်းတာခြင်းလုပ်ငန်းဆောင်ရွက်ရန် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေး၍ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်တာဝန်ရှိသူများက ကျေးရွာဓမ္မာရုံတွင် ဆောင်ရွက်သည်။

 

ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်က အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက ကျေးရွာမြေငှားဂရန်ရရှိရေး ဆောင်ရွက်ပေးမည့် အခြေအနေနှင့် ရရှိလာမည့်အကျိုးကျေးဇူးတို့ကို ပြောကြားသည်။

 

ထို့နောက် ခရိုင်မြေစာရင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇော်ဦးနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦးတို့က ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ရွာသူရွာသားများက သိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြသည်။

 

ထို့နောက် တာဝန်ရှိသူများက ကျေးရွာမြေငှားဂရန်ချပေးရေးအတွက် မြေပိုင်ဆိုင်မှုစာရင်းကောက်ယူနေမှုနှင့် မြေတိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)

No comments

Powered by Blogger.