မလေးရှားနိုင်ငံ၌ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် လူဦးရေ ၃၄ ဒသမ ၄ သန်းအထိရောက်ရှိ
မေ ၁၄
မလေးရှားနိုင်ငံ၌ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် လူဦးရေ စုစုပေါင်း ၃၄ ဒသမ ၄ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားရာ ယခင်နှစ်က လူဦးရေ ၃၄ ဒသမ ၂ သန်းထက် မြင့်တက်လာခြင်းဖြစ်ကြောင်း တရားဝင်အချက်အလက်များက ယနေ့တွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံ စာရင်းအင်းဌာန၏ ကြေညာချက်တွင် နိုင်ငံသားများနှင့် နိုင်ငံသားမဟုတ်သူများ၏ ဖွဲ့စည်းပုံမှာ ၉၀ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၉ ဒသမ ၉ ရာခိုင်နှုန်း အသီးသီးတွင် အပြောင်းအလဲမရှိကြောင်း ဖော်ပြထားသည်။
အမျိုးသားဦးရေ ၁၇ ဒသမ ၉ သန်းမှ ၁၈ သန်းအထိ မြင့်တက်လာပြီး အမျိုးသမီးဦးရေ ၁၆ ဒသမ ၂ သန်းမှ ၁၆ ဒသမ ၃ သန်းအထိ အနည်းငယ် မြင့်တက်လာခဲ့သည်ဟု သိရသည်။
အသက်ဖွဲ့စည်းပုံအရ အသက် ၁၄ နှစ်အတွင်းရှိလူငယ်ဦးရေ ၂၁ ဒသမ ၈ ရာခိုင်နှုန်းမှ ၂၁ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ အလုပ်လုပ်နိုင်သော အသက်အရွယ်အုပ်စု ၇၀ ဒသမ ၃ ရာခိုင်နှုန်းမှ ၇၀ ဒသမ ၄ ရာခိုင်နှုန်းအထိ အနည်းငယ် မြင့်တက်လာခဲ့သည်။
အရေးပါသောစာရင်းအင်းများအရ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် မွေးဖွားမှု ၉၄၈၀၇ ဦးရှိရာ ၃ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းပြီး သေဆုံးသူ ၄၉၁၃၉ ဦးရှိရာ ၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments